လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) (ပထမနေ့) ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) (ပထမနေ့) ကျင်းပ

နေ့စွဲ
11.7.2019
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအ​ဝေး(၁/၂၀၁၉) (ပထမနေ့)ကို ၁၁.၇.၂၀၁၉ ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၁၁)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဋ္ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် လေ့လာသူ(၆)ဦး၊ စုစုပေါင်း(၈၅)ဦး တက်ရောက်ခဲ့ ကြသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးလွှတ်တော် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်(၂)ဦးက ကတိသစ္စာပြုလက်မှတ်ရေးထိုးခြင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပြုသော တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်ဖြစ်သည့် “မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး” ၏ အမည်စာရင်းကို လွှတ်တော်သို့ကြေညာခြင်းနှင့် လွှတ်တော်ဥက္ကဋ္ဌက အမည်စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ်နှင့် စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်း နိုင်ကြောင်း ကြေညာခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပြုသော တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်ဖြစ်သည့် “မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး” ၏ အမည်စာရင်းကို လွှတ်တော်သို့ကြေညာခြင်းနှင့် လွှတ်တော်ဥက္ကဋ္ဌက အမည်စာရင်းတင်သွင်း ထားသည့် ပုဂ္ဂိုလ်နှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်း နိုင်ကြောင်း ကြေညာခဲ့သည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီ(၁၄)ခုကို သက်တမ်း တိုးမြှင့်ရန် လွှတ်တော်၏သဘောထားရယူပြီး သဘောတူသည့်အတွက် သက်တမ်း(၁)နှစ် တိုးမြှင့်ရန် လွှတ်တော်ကအတည်ပြုကြောင်း ကြေညာခဲ့သည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအ​ဝေး(၁/၂၀၁၉) (ပထမနေ့) ကို ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူး အစည်းအဝေး (၁/၂၀၁၉)(ဒုတိယနေ့)ကို (၁၂.၇.၂၀၁၉)ရက် (သောကြာနေ့)နံနက် (၁၀၀၀) နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာကာ (၁၀၁၅)အချိန်တွင် အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။