လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉)(ဒုတိယနေ့) ဆက်လက်ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉)(ဒုတိယနေ့) ဆက်လက်ကျင်းပ

နေ့စွဲ
12.7.2019
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအ​ဝေး(၁/၂၀၁၉) (ဒုတိယနေ့)ကို ၁၂.၇.၂၀၁၉ ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၇)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဋ္ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ ဖိတ်ကြားချက်အရ အစည်းအဝေးသို့ တက်ရောက်သူ (၁)ဦးနှင့် လေ့လာသူ(၄)ဦး၊ စုစုပေါင်း(၈၃)ဦး တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပြုသော “မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး” ၏ အမည်စာရင်းနှင့်ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏သဘောထားရယူရာ သဘောတူသည့်အတွက် မန္တလေး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ကျောက်ဆည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်အား ခန့်အပ်တာဝန်ပေးအပ်ရန် လွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့သည်။

ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်က  အဆိုပြုသော “မန္တလေးတိုင်းဒေသကြီး  တရားလွှတ်တော် တရားသူကြီး” ၏  အမည်စာရင်းနှင့်ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌက  လွှတ်တော်၏ သဘောထားရယူရာ သဘောတူသည့်အတွက် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်လှမြင့်အား ခန့်အပ်တာဝန်ပေးအပ်ရန် လွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့သည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) (ဒုတိယနေ့)ကို ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူး အစည်းအဝေး(၁/ ၂၀၁၉) (တတိယနေ့)ကို (၁၅.၇.၂၀၁၉)ရက် (တနင်္လာနေ့) နံနက် (၁၀၀၀) နာရီတွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း ကြေညာကာ (၁၀၁၀)အချိန်တွင် အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။