လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒသမနေ့) ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒသမနေ့) ကျင်းပ

နေ့စွဲ
17.2.2020
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (ဒသမနေ့)ကို ၁၇.၂.၂၀၂၀ ရက်နေ့ နံနက်(၁၀၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရုံး၌ အစီအစဉ်(၁၀)ရပ်ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဌ ဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် လေ့လာသူ(၆၄)ဦး၊ စုစုပေါင်း(၁၄၁)ဦး တက်ရောက်ခဲ့ ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၆)ဦးမေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း (၈)ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက  ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေး ဆိုင်ရာကော်မတီက “မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၉ – ၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဌာနအဖွဲ့အစည်း များမှ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းလျာထားချက်အဆို” နှင့်ပတ်သက်၍ အစီရင်ခံစာကို ကော်မတီ ဉက္ကဋ္ဌက ဖတ်ကြားတင်သွင်းခြင်း၊ “မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၉ – ၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် အတွက် ဌာနအဖွဲ့အစည်းများမှဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်း လျာထားချက်အဆို” နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံသည့် (၄)ခန်းတွဲ အဆင့်မြင့်သန့်စင်ခန်း ဆောက်လုပ်ခြင်း လုပ်ငန်းမှ စိစစ်လျော့ချငွေ ကျပ်(၇၅)သိန်းအား Precast စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းအတွက် အခြားပစ္စည်းများဝယ်ယူရန်နှင့် ဓာတ်ဆီ၊ စက်ဆီ၊ ချောဆီ ငွေစာရင်းမှ စိစစ်လျော့ချငွေ ကျပ်သန်းပေါင်း(၅၁၃.၉၄၃)အနက် (၁၇၁.၃၁၄)သန်းအား မန္တလေးမြို့တော်စည်ပင်သာယာရေး နယ်နမိတ်အတွင်း တည်ဆောက်လျက်ရှိသော လမ်း၊ တံတားလုပ်ငန်းများ နှင့်(၃၄၂.၆၂၉)သန်းအား မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နမိတ်အတွင်း လမ်းမီးရရှိရေးတို့တွင် ပြောင်းလဲသုံးစွဲရန် လွှတ်တော်ကအတည်ပြုကြောင်း ကြေညာခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က “မန္တလေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဉပဒေကြမ်း” နှင့်ပတ်သက်၍ လွှတ်တော်မှ အတည်ပြု ပေးပါရန်အဆိုတင်သွင်းခြင်း၊ လွှတ်တော်ဉက္ကဋ္ဌက  “မန္တလေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဉပဒေကြမ်း”နှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောထားရယူပြီး သဘောတူသည့်အတွက် ပြင်ဆင်ချက် နှင့်တကွ အတည်ပြုကြောင်းကြေညာခဲ့သည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒသမနေ့)ကိုရပ်နားကြောင်းနှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို (၁၈.၂.၂၀၂၀)ရက် (အင်္ဂါနေ့) နံနက်(၁၀၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာကာ(၁၁၂၀)နာရီအချိန်တွင် အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။