လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပ

နေ့စွဲ
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (ပထမနေ့)ကို ၂၃.၇.၂၀၂၀ ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၁၁)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်းဒေသကြီး စာရင်းစစ်ချုပ် စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၈)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ကအဆိုပြုသော တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်ဖြစ်သည့် “မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး”၏ အမည်စာရင်းကို လွှတ်တော်သို့ ကြေညာခြင်းနှင့် အမည်စာရင်းတင်သွင်းထားသည့်ပုဂ္ဂိုလ်နှင့် စပ်လျဉ်း၍ ကန့်ကွက် လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေများလေ့လာသုံးသပ် ပြင်ဆင်ရေးဆွဲရေးအဖွဲ့က “မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့များဥပဒေကြမ်း”ကို လွှတ်တော်သို့ တင်သွင်းခြင်း၊ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင်က ဖတ်ကြားတင်သွင်းခဲ့သည်။ ၎င်းနောက် လွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာခဲ့သည်။

ဒုတိယအကြိမ်  မန္တလေးတိုင်းဒေသကြီးလွှတ်တော်  (၁၉)ကြိမ်မြောက်  ပုံမှန်အစည်းအဝေး (ပထမနေ့)ကိုရပ်နားကြောင်းနှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို (၂၄.၇.၂၀၂၀)ရက် (သောကြာနေ့) နံနက်(၁၀၀၀)နာရီတွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း ကြေညာကာ (၁၁၁၅)နာရီအချိန်တွင် အစည်းအဝေးအောင်မြင်စွာ ပြီးမြောက် ခဲ့သည်။