လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) ကျင်းပ

နေ့စွဲ
14.2.2019
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (ပထမနေ့)ကို ၁၄.၂.၂၀၁၉ ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၁၀)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဋ္ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် လေ့လာသူ (၃)ဦး၊ စုစုပေါင်း(၇၉)ဦး တက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်(၁)ဦးမှ လွှတ်တော်ဥက္ကဋ္ဌ၏ရှေ့မှောက် တွင်ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ ၎င်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၄)ဦး မေးမြန်း သည့် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က “မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၈- ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်း လျာထားချက်အဆို” ကို လွှတ်တော်သို့ တင်သွင်းခြင်း၊  “မန္တလေးတိုင်းဒေသကြီး၏  ၂၀၁၈- ၂၀၁၉ ခု၊  ဘဏ္ဍာရေးနှစ်အတွက်  ဖြည့်စွက် ခွင့်ပြုငွေတောင်းခံခြင်း လျာထားချက်အဆို” နှင့်ပတ်သက်၍  မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင်က ဖတ်ကြားတင်သွင်းခြင်း၊ ၎င်းနောက် လွှတ်တော်ဥက္ကဋ္ဌမှ “မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၈- ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်း လျာထားချက်အဆို” နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာခဲ့ပါသည်။ ဒုတိအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် မန္တလေး တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို (၁၅.၂.၂၀၁၉) ရက် (သောကြာနေ့)နံနက် (၁၀၀၀) နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာကာ (၁၀၅၀)နာရီအချိန်တွင် အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။