လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ဆက်လက်ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ဆက်လက်ကျင်းပ

နေ့စွဲ
25.2.2019
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (စတုတ္ထနေ့)ကို ၂၅.၂.၂၀၁၉ ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၁၀)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဋ္ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် လေ့လာသူ(၅)ဦး၊ စုစုပေါင်း (၈၄)ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၈)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

 ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင်အောင်တင်သွင်းသည့် “မန္တလေး တိုင်းဒေသကြီးအတွင်းရှိ (ပြည်ထောင်စုနယ်မြေမှအပ) ကျန်မြို့နယ်များအားလုံး၏ မြို့ပေါ်ရှိ အနေကြာ မြေကွက်များအား မြေငှားဂရန်အသစ်များ တိုးချဲ့ချထားပေးနိုင်ရေးအတွက် အစီအစဉ်များချမှတ်ပြီး အကောင်အထည်ဖော်ပေးပါရန် တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်သို့ တင်သွင်းခြင်းနှင့် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း၊ ၎င်းနောက် လွှတ်တော်ဥက္ကဋ္ဌက အဆိုကို ဆွေးနွေးရန် သင့်/ မသင့် လွှတ်တော်၏ သဘောထား ရယူခြင်းတို့ ဆောင်ရွက်ကာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း ပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာခဲ့သည်။

“မန္တလေးတိုင်းဒေသကြီး၏ ယစ်မျိုးခွန် ကောက်ခံရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)” နှင့်ပတ်သက်၍ လွှတ်တော်သို့ အမည်စာရင်းတင်သွင်းထားသော တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်(၃)ဦးက အကြံပြုဆွေးနွေးခြင်းနှင့် ကိုယ်စားလှယ် (၁)ဦးမှ ပြင်ဆင်ချက် တင်သွင်းခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးက ပြန်လည်ရှင်းလင်းပြီး ပြင်ဆင်ရန် သဘောတူသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌက “မန္တလေး တိုင်းဒေသကြီး၏ ယစ်မျိုးခွန် ကောက်ခံရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)” ပုဒ်မ(၄)၏ နောက်ဆက်တွဲဇယားပါ အမှတ်စဉ် (၁၆) (၁၇)ကို ပြင်ဆင်ရန်” လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာခဲ့သည်။

၎င်းနောက် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်း အဝေး (စတုတ္ထနေ့)ကို ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို (၂၆.၂.၂၀၁၉)ရက် (အင်္ဂါနေ့) နံနက် (၁၀၀၀) နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာကာ (၁၂၀၀)နာရီ အချိန်တွင် အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့သည်။