လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ဆက်လက်ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ဆက်လက်ကျင်းပ

နေ့စွဲ
26.2.2019
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (ပဉ္စမနေ့)ကို ၂၆.၂.၂၀၁၉ ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၁၄)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဋ္ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် လေ့လာသူ(၂)ဦး၊ စုစုပေါင်း (၇၈)ဦး တက်ရောက်ခဲ့သည်။

အဆိုပါပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၄)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည် ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင်အောင်တင်သွင်းသည့် “မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ (၂၇.၉.၂၀၁၈)နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသော အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၈)သည် ဥပဒေပါ အင်္ဂါရပ်များနှင့် ညီညွတ်ခြင်းမရှိသည့်အပြင် ပြည်သူများအတွက် ကြီးလေးသော ဝန်ထုပ်ဝန်ပိုး ဖြစ်သွားစေနိုင်သည့် အတွက် ပြန်လည်ပြင်ဆင်ရန် တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်သို့ တင်သွင်းခြင်းနှင့် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း၊ ၎င်းနောက် လွှတ်တော်ဥက္ကဋ္ဌက အဆိုကို ဆွေးနွေးရန်သင့်/ မသင့် လွှတ်တော်၏ သဘောထားရယူခြင်းတို့ ဆောင်ရွက်ကာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း ပေးသွင်း နိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာခဲ့သည်။

“ဥပဒေများလေ့လာသုံးသပ် ပြင်ဆင်ရေးဆွဲရေးအဖွဲ့” ဖွဲ့စည်းရန်နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ အမည်စာရင်းတင်သွင်းထားသော ကိုယ်စားလှယ်(၂)ဦးကဆွေးနွေးခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြချက်အပေါ်လွှတ်တော်ဥက္ကဋ္ဌကပြန်လည် ရှင်းလင်းခြင်းနှင့် “ဥပဒေများ လေ့လာသုံးသပ် ပြင်ဆင်ရေးဆွဲရေးအဖွဲ့”တွင် လွှတ်တော်ကိုယ်စားလှယ်(၂)ဦး ထပ်မံတိုးချဲ့ ဖွဲ့စည်းသွားမည်ကို လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူ သည့်အတွက်၊ “ဥပဒေများ လေ့လာသုံးသပ် ပြင်ဆင်ရေးဆွဲရေးအဖွဲ့”တွင် ကိုယ်စားလှယ် (၂)ဦး ထပ်မံတိုးချဲ့ဖွဲ့စည်း၍ ဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် အဖွဲ့ဝင်(၁၁)ဦးတို့ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်သွားရန် အတည်ပြုကြောင်း ကြေညာခဲ့သည်။

ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက “ဥပဒေများ လေ့လာသုံးသပ် ပြင်ဆင်ရေးဆွဲရေးအဖွဲ့”တွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်း၊ အဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အမည်စာရင်း၊ အဖွဲ့၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့နှင့်ပတ်သက်၍ လွှတ်တော်၏ သဘောထားရယူကာ သဘောတူသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့ပါသည်။ ၎င်းနောက် “ဥပဒေများ လေ့လာသုံးသပ် ပြင်ဆင်ရေးဆွဲရေးအဖွဲ့”၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဥက္ကဋ္ဌက ဖတ်ကြားတင်ပြခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က“မန္တလေးတိုင်းဒေသကြီး၏ ယစ်မျိုးခွန် ကောက်ခံရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)”နှင့်ပတ်သက်၍ လွှတ်တော်မှ အတည်ပြုပေးပါရန် အဆို တင်သွင်းခြင်း၊ လွှတ်တော်ဥက္ကဋ္ဌက “မန္တလေးတိုင်းဒေသကြီး၏ ယစ်မျိုးခွန် ကောက်ခံရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)”နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူကာ သဘောတူသည့်အတွက် လွှတ်တော်က ပြင်ဆင်ချက်နှင့်တကွ အတည်ပြုကြောင်း ကြေညာ ခဲ့သည်။

၎င်းနောက် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်း အဝေး (ပဉ္စမနေ့)ကို ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို (၂၇.၂.၂၀၁၉)ရက် (ဗုဒ္ဓဟူးနေ့)နံနက်(၁၀၀၀) နာရီတွင်ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာကာ(၁၂၀၀)နာရီအချိန်တွင် အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။