လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ဆက်လက်ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ဆက်လက်ကျင်းပ

နေ့စွဲ
27.2.2019
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (ဆဋ္ဌမနေ့)ကို ၂၇.၂.၂၀၁၉ ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၁၂)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဋ္ဌေး နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် လေ့လာသူ(၂)ဦး၊  စုစုပေါင်း (၇၈)ဦး တက်ရောက်ခဲ့သည်။

အဆိုပါပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင်အောင်တင်သွင်းသည့် “မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ (ပြည်ထောင်စုနယ်မြေမှအပ) ကျန်မြို့နယ်များအားလုံး၏ မြို့ပေါ်ရှိ အနေကြာ မြေကွက်များအား မြေငှားဂရန်အသစ်များ တိုးချဲ့ချထားပေးနိုင်ရေးအတွက် အစီအစဉ်များချမှတ်ပြီး အကောင်အထည်ဖော်ပေးပါရန် တိုက်တွန်းကြောင်း” အဆိုနှင့် စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်(၉)ဦးမှ ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ  တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အဆိုကို သဘောတူသဖြင့်  လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်ပတ်သက်၍ အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောတူသည့်အတွက် အဆိုအတည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က “မန္တလေးတိုင်းဒေသကြီး မြေယာခွန် ဥပဒေမူကြမ်း”ကို လွှတ်တော်သို့ တင်သွင်းခြင်း၊ ဥပဒေများ လေ့လာသုံးသပ် ပြင်ဆင်ရေး ဆွဲရေးအဖွဲ့က “မန္တလေးတိုင်းဒေသကြီး မြေယာခွန် ဥပဒေမူကြမ်း” နှင့်ပတ်သက်သည့် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်း၊ ၎င်းနောက် လွှတ်တော်ဥက္ကဋ္ဌက ဥပဒေ မူကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာခဲ့သည်။

၎င်းနောက် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်း အဝေး (ဆဋ္ဌမနေ့)ကို ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(သတ္တမနေ့)ကို (၂၈.၂.၂၀၁၉)ရက် (ကြာသပတေးနေ့)နံနက် (၁၀၀၀) နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာကာ(၁၂၄၅)နာရီအချိန်တွင် အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့သည်။