လွှတ်တော် / သတင်းများ/ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့)ဆက်လက်ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့)ဆက်လက်ကျင်းပ

နေ့စွဲ
28.2.2019
အချိန်

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအ​ဝေး (သတ္တမနေ့)ကို ၂၈.၂.၂၀၁၉ ရက်နေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် မန္တလေး တိုင်းဒေသကြီး လွှတ်တော်ရုံး၌ အစီအစဉ်(၁၀)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဋ္ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် လေ့လာသူ(၈၅)ဦး၊  စုစုပေါင်း(၁၆၀)ဦး တက်ရောက်ခဲ့သည်။

အဆိုပါပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၈)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင်အောင်တင်သွင်းသည့် “မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ (၂၇.၉.၂၀၁၈)နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသော အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၈)သည် ဥပဒေပါ အင်္ဂါရပ်များနှင့် ညီညွတ်ခြင်းမရှိသည့်အပြင် ပြည်သူများအတွက် ကြီးလေးသော ဝန်ထုပ်ဝန်ပိုး ဖြစ်သွားစေနိုင်သည့် အတွက် ပြန်လည်ပြင်ဆင်ရန် တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်(၃)ဦးမှ ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ  တိုင်းဒေသကြီးအဆင့်အဖွဲ့ အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး  အဆိုကိုသဘောတူ သဖြင့် လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့် ပတ်သက်၍ အတည်ပြုရန် လွှတ်တော်၏သဘောထား ရယူရာ သဘောတူသည့်အတွက် အဆိုအတည်ဖြစ်ကြောင်း၊ အစည်းအဝေးကို နေ့လည် (၁၂၂၀) နာရီအချိန်တွင် ခေတ္တရပ်နားကြောင်းနှင့် ဒုတိယပိုင်း အစီအစဉ်ကို နေ့လည် (၁၃၃၀) နာရီ အချိန်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဆက်လက်၍ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (သတ္တမနေ့) ဒုတိယပိုင်း အစီအစဉ်ကို နေ့လည် (၁၃၃၀) နာရီအချိန်တွင် ပြန်လည် စတင်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းထားသည့် “မန္တလေး တိုင်းဒေသကြီး မြေယာခွန် ဥပဒေမူကြမ်း”နှင့်စပ်လျဉ်း၍ ဥပဒေများ လေ့လာ သုံးသပ် ပြင်ဆင်ရေးဆွဲရေးအဖွဲ့မှ တင်သွင်းသည့် ပြင်ဆင်ဖြည့်စွက်ရန် အဆိုပြုချက်များအပေါ် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးက ပြန်လည်ရှင်းလင်းပြီး၊ လွှတ်တော်ဥက္ကဋ္ဌက “မန္တလေး တိုင်းဒေသကြီး မြေယာခွန် ဥပဒေမူကြမ်း”မှ ပြင်ဆင်ချက်များနှင့်ပတ်သက်၍ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူအတည်ပြုခဲ့သည်။

၎င်းနောက် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်း အဝေး (သတ္တမနေ့)ကို ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)ကို (၁.၃.၂၀၁၉)ရက် (သောကြာနေ့)နံနက် (၁၀၀၀)နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ကြေညာကာ(၁၄၁၀)နာရီအချိန်တွင် အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။