လွှတ်တော်/ သတင်းနှင့်ပြန်ကြားရေး / မိန့်ခွန်းများ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၃ နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြောကြားသော မိန့်ခွန်း


“ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၃ နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်လာသော လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကိုယ်စိတ်နှလုံး ရွှင်ပြုံးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်တစ်ခုနဲ့တစ်ခု အပြန်အလှန်ထိန်းကျောင်းဖို့ လိုပါတယ်၊ မဏ္ဍိုင်တစ်ခုက လွှမ်းမိုးသွားတယ်ဆိုရင် တစ်ဖက်စောင်းနင်းဖြစ်သွားမှာပါ၊ လွှတ်တော်ရဲ့အဓိကတာဝန်တွေဖြစ်တဲ့ ဥပဒေပြုရေးဟာ အခြေခံဥပဒေနဲ့ လိုက်လျောညီထွေဖြစ်သလို ပြည်ထောင်စုက ပြုတဲ့ဥပဒေနဲ့လည်း ဆန့်ကျင်လို့မရဘူး၊ ဥပဒေပြုရေးက အဓိကတာဝန်ဖြစ်တဲ့အတွက် ကိုယ်စားလှယ်တွေအနေနဲ့ အာရုံစိုက်ပြီးလေ့လာသုံးသပ်ဖို့လိုပါတယ်။ လွှတ်တော်ရဲ့ဂုဏ်သိက္ခာဟာ လွှတ်တော်က ပြည်သူ့ဘက်ကနေ ဘယ်လောက်ရပ်တည်မလဲဆိုတာမူတည်ပါတယ်၊ စေတနာသန့်သန့်နဲ့ ကိုယ့်ဘာကိုယ်မှန်ရင် စေတနာက ပြန်အကျိုးပေးပါလိမ့်မယ်၊ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာမြင့်တက်စေချင်သလို အစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာလည်း မြင့်တက်စေချင်တယ်၊ လုပ်နေတဲ့ကာလအတောအတွင်းမှာ ပြည်သူ့ဘက်က ရပ်တည်ပြီး ပြည်သူ့အကျိုးလုပ်ခဲ့တယ်ဆိုတာ သမိုင်းက သက်သေပေးမှာပါ၊ တာဝန်ကျေတယ်/ မကျေဘူးဆိုတာ ပြည်သူကပဲဆုံးဖြတ်မှာပါ၊ မဲဆန္ဒရှင်က အဆုံးအဖြတ်ပေးမှာပါ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီသည် အလွန်ကြာညောင်းစွာချီတက်ရပြီး ဒီမိုကရေစီကို ကျင့်သုံးနိုင်သည့် အချိန်ကာလသည် လွှတ်တော်သက်တမ်းဒုတိယအကြိမ် ရောက်ရှိလာပြီဖြစ်ပါတယ်။ မိမိတို့အနေဖြင့် လုပ်ငန်းများစွာ ဆောင်ရွက်ရန်ကျန်ရှိနေပါသေးတယ်။ မိမိတို့မျှော်မှန်းသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပန်းတိုင်ကို မျက်ခြည်မပြတ်သင့်ပါကြောင်းနှင့် နိုင်ငံရေးဆိုတာ တစ်နိုင်ငံလုံးခြုံကြည့်ပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။ ပြည်သူတွေကို နိုင်ငံရေးအသိ ရေချိန်မြင့်အောင်လုပ်ပေး ရမယ့် တာဝန်ရှိပေမယ့် ပြည်သူတွေနိုင်ငံရေးမလုပ်နိုင်ပါဘူး၊ စားဝတ်နေရေးရှိသေးတယ်၊ ဒါကြောင့် သူတို့ကိုယ်စားလှယ်လုပ်ပေးဖို့ ပါတီတွေ အလျှိုအလျှိုပေါ်လာတာဖြစ်ပါတယ်၊ ရည်မှန်းချက်တူပေမယ့် နိုင်ငံရဲ့အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ထူထောင်ဖို့ဆိုတာ ပါတီတွေ အင်အားမကောင်းဘဲနဲ့ ဘယ်တော့မှမအောင်မြင်ပါဘူး၊ ဒီမိုကရေစီဟာ ပါတီတွေရဲ့ အခရာဖြစ်ပါတယ်။ ဆက်လက် ကြိုးစားကြပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ”


ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၃ နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ပြောကြားသော မိန့်ခွန်း


“မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ ဒုတိယအကြိမ်တိုင်းဒေသကြီးလွှတ်တော် (၃)နှစ်မြောက်အခမ်းအနားမှာ တက်ရောက်ချီးမြှင့်ပေးပါသော ဝန်ကြီးချုပ်နှင့် တကွ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံး၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံး၊ ဝန်ထမ်းများအားလုံး၊ ပါတီအဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူများအားလုံး၊ မီဒီယာများ အားလုံးနှင့်တကွ တက်ရောက်လာကြတဲ့ပုဂ္ဂိုလ်အားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ ဒီကနေ့ လွှတ်တော်က (၃) နှစ်ပြည့်ပြီဖြစ်၍ ကျွန်တော့်အနေနဲ့ သုံးသပ်မိတာတစ်ခုရှိပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်စားလှယ်တွေလဲ သုံးသပ်ကြမယ်လို့ထင်ပါတယ်။ (၃) နှစ်ပြည့်တဲ့အချိန်မှာ ကျွန်တော့် ကိုယ်စားလှယ်တွေဟာ ပြည်သူ့အတွက်တိုင်းပြည်အတွက် ဘာတွေလုပ်ကြသလဲ။ မိမိတို့ရဲ့လုပ်ဆောင်ချက်တွေက အောင်မြင်မှုရှိသလား၊ ဆုတ်ယုတ်မှုရှိသလားဆိုပြီး ဒီလိုသုံးသပ်ကြမယ်လို့ ထင်ပါတယ်။ ဒီလိုသုံးသပ်မှလည်း တိုးတက်အောင်မြင်မှုရှိမှာဖြစ်ပါတယ်။ သုံးသပ်ပြီးတဲ့အခါမှာ အားနည်းချက်၊ အားသာချက်အဖြေကိုရှာပြီးပြင်စရာရှိရင်ပြင်ရမယ်၊ ပြုပြင်ပြီးပါမှ အနာဂတ်ခြေလှမ်းကို ကျွန်တော်တို့က ကောင်းမွန်တဲ့ခြေလှမ်းနဲ့ လျှောက်လှမ်းရမှာဖြစ်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့လိုချင်တဲ့ ကျွန်တော်တို့ခေါင်းဆောင်တွေလိုချင်တဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ သုံးသပ်လိုက်တဲ့အခါမှာ လွှတ်တော်အနေနဲ့က အများသိထားတာ ဥပဒေပြုတဲ့လုပ်ငန်းတွေ လုပ်တယ်လို့သိထားပါတယ်။ ဥပဒေကြောင်းကလည်း ဝန်ကြီးချုပ်ပြောသလို အဓိကကကျွန်တော်တို့က ဥပဒေပြုတဲ့လုပ်ငန်းလုပ်ရပါတယ်။ တိုင်းအနေနဲ့ တခြားတိုင်းတွေ/ ပြည်နယ်တွေနဲ့ မတူတာရှိပါတယ်။ လွှတ်တော်မှာ အဆိုတွေတင်သွင်းတယ်၊ ဥပဒေတွေရေးဆွဲတယ်၊ အဆိုတွေအောင်မြင်တဲ့အခါမှာ ဝန်ကြီးချုပ်ကြီးက ကျွန်တော်တို့ကိုယ်စားလှယ်တွေအပေါ်မှာ ယုံကြည်မှုအပြည့်အဝရှိတဲ့အတွက် အစိုးရအဖွဲ့နဲ့အတူပူးပေါင်းပြီး ကိုယ်စားလှယ်တွေကို တာဝန်ပေးတယ်၊ တာဝန်ပေးတဲ့လုပ်ငန်းတွေကို ကျွန်တော်တို့ကိုယ်စားလှယ်တွေက ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့ရတယ်။ ဒီလိုဆောင်ရွက်ရတာဟာ လွှတ်တော်က ဥပဒေပြုရတဲ့ လုပ်ငန်းလုပ်ရတာ မဆိုင်တာတွေလုပ်နေရတယ်လို့ ကျွန်တော်တို့အနေနဲ့မမြင်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ် အားလုံးကလည်း ကျေကျေနပ်နပ်ကြီးကို တာဝန်ယူပြီးဆောင်ရွက်ပေးပါတယ်။ ဥပမာအားဖြင့် အစောပိုင်းစပ်ကူးမတ်ကူးမှာ ချထားပေးခဲ့တဲ့ မြေတွေနဲ့ပတ်သက်လို့ လွှတ်တော်ကိုအဆိုတင်လို့ ဒီကိစ္စအောင်သွားတယ်၊ အောင်သွားတော့ ဝန်ကြီးချုပ်ကြီးက အဖွဲ့ဖွဲ့ပြီးတာဝန်ပေးတယ်။ စစ်ဆေးပြီးသိမ်းဆည်းခဲ့တယ်။ သစ်တောမြေတွေ မတန်တဆချသွားတဲ့ကိစ္စ အဆိုအောင်သွားတော့ လွှတ်တော်ကနေအဖွဲ့ဖွဲ့ပြီး သွားရောက်စစ်ဆေးပေးခဲ့ရပါတယ်။ ဒါတင်မကပါဘူး။ အခုတင်ဒါလုပ်ငန်းတွေအားလုံးမှာလွှတ်တော်ကိုယ်စားလှယ်တွေပါပါတယ်။ ကဏ္ဍအလိုက် လွှတ်တော်ကိုယ်စားလှယ်တွေပါပါတယ်။ ဒီလိုပါလို့လည်း ကျွန်တော်တို့က ဝင်ရောက်စွက်ဖက်တဲ့အနေအထားမျိုးမဟုတ်ပါဘူး။ တင်ဒါမှာကိုယ်စားလှယ်တွေကဆုံးဖြတ်တာမျိုးမရှိပါဘူး။ ဘေးကထိန်းကျောင်းတဲ့ သဘောပါပဲ။ ဒီလိုတာဝန် ၂ ပေးတဲ့အတွက်ကိုပဲ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် ဝန်ကြီးချုပ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ လျှပ်စစ်ကော်မတီ၊ ပို့ဆက်ကော်မတီတွေကလည်း လူထုတွေ့ဆုံပွဲတွေမှာလိုက်ပြီးတော့ လူထုရဲ့တင်ပြတောင်းဆိုချက်တွေမှန်သမျှကို ၎င်းကော်မတီတွေကို ကွင်းဆင်းစစ်ဆေးခိုင်းပါက ကွင်းဆင်းစစ်ဆေးမှုအပေါ် ချက်ချင်းဆောင်ရွက်ရမည့် လုပ်ငန်းမျိုးကိုလည်း လုပ်ဆောင်ပေးတယ်။ ဝန်ကြီးချုပ်ကြီးဆီ တင်ပြတဲ့အပေါ်မှာ စီမံခန့်ခွဲပေးတယ်။ ပြည်သူ့အကျိုးအတွက်ကို ကိုယ်စားလှယ်အားလုံးပူးပေါင်းပြီး ဆောင်ရွက်ပေးနေပါတယ်။ ခုနကပြောသလို တခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ မတူဘူးဆိုတာက အစိုးရနဲ့လွှတ်တော် ပူးပေါင်းဆောင်ရွက်ပေးနေနဲ့ကိစ္စကို ပြောခြင်းဖြစ်ပါတယ်။တချို့အမြင်လေးတွေက တစ်မျိုးမြင်တာမျိုးရှိပါတယ်။ ကိုယ်စားလှယ်တွေထဲမှ မြင်တာမဟုတ်ပါဘူး။တခြားအဖွဲ့အစည်းတွေက ဘေးမှာပြောသံကြားသလို၊ သူတို့လည်း အပြစ်တင်တာမဟုတ်ပါဘူး။ သဘောထားကွဲလွဲခွင့် ရှိပါတယ်။ သူတို့အယူအဆ၊ သုံးသပ်ချက်ဖြစ်ပါတယ်။ ကိုယ်စားလှယ်တွေက ရပ်ကွက်အုပ်ချုပ်ရေးမှူး အဆင့်လောက်မှ မရှိဘူးလို့အဖွဲ့အစည်းတစ်ခုအနေနဲ့ ဒီလိုဝေဖန်သုံးသပ်ချက်ကို လက်ခံစရာ အကြောင်းမရှိဘူး၊ ခုနကပြောသလို ဥပဒေပြုရမယ်ဆိုရုံနဲ့ တခြားအလုပ်တွေကိုလိုက်လုပ်နေတာကြောင့်မို့လို့ ဝေဖန်သုံးသပ်ပြောဆိုတာလား၊ ဒါကျွန်တော်တို့ အလေးထားစရာမလိုပါဘူး။ ကျွန်တော်တို့နိုင်ငံ့ခေါင်းဆောင်ရဲ့မူဝါဒအရ လက်ရှိဒုတိယအကြိမ်သက်တမ်းမှာ လွှတ်တော်ကိုယ်စားလှယ်က ဒီလိုပူးပေါင်းပြီးဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ အထက်ကတာဝန်ပေးတယ်၊ တာဝန်ပေးပိုင်ခွင့်မရှိဘူးလို့ ကျွန်တော်တို့မခံယူဘူး၊ ကျွန်တော်တို့က တစ်ပါတီတည်းပဲ၊ ရည်ရွယ်ချက်တစ်ခုတည်းပဲ၊ ပြည်သူနဲ့အတူပူးပေါင်းပြီးတော့ ပြည်သူအတွက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။နိုင်ငံတော်ကချထားတဲ့မူနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောထားတဲ့စကားတစ်ခွန်းက လွှတ်တော်တွေကို ဥပဒေပြုမဏ္ဍိုင်တစ်ခုအနေနဲ့သာမကဘူး ဒီမိုကရေစီထွန်းကားဖို့အတွက် ပြုစုပျိုးထောင်ပေးတဲ့ ပျိုးခင်းကြီးတစ်ခုအနေနဲ့ညီစေချင်ပါတယ်လို့ မကြာသေးမီက ပြောထားပါတယ်။ နောက်တစ်ခုက ဒီမိုကရေစီစနစ်မှာ တာဝန်ကျေတဲ့ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်ထက်ပိုပြီးတော့ ဂုဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာ မရှိနိုင်ဘူး၊ တာဝန်ကျေတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟာ ပြည်သူလူထုအတွက်အကျိုးပြုပြီးတော့ ပြည်သူလူထုအတွက် တစ်ချိန်လုံးစဉ်းစားပေးရတယ်လို့ ပြောထားပါတယ်။ ဒီစကားအရဆိုရင် ကျွန်တော်တို့လုပ်နေတဲ့အလုပ်သည် ပြည်သူအတွက်လုပ်နေရတာပါ။ အစိုးရအဖွဲ့နဲ့လည်းပူးပေါင်းပြီး ပြည်သူကောင်းကျိုးလုပ်နေရတာဖြစ်ကြောင်း၊ ပူးပေါင်းပြီးလူထုအပေါ် မမှန်မကန်လုပ်နေတာမဟုတ်ကြောင်း နှင့် မှန်ကန်တဲ့လုပ်ငန်းကို ပူးပေါင်းပြီးဆောင်ရွက်နေတာဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များအားလုံးအတွက် ကျွန်တော်တို့အနေနဲ့ အများကြီးဂုဏ်ယူပါတယ်။ ဆောင်ရွက်တဲ့နေရာမှာ တစ်ခုလေးပဲသတိထားဖို့လိုပါတယ်။ ကိုယ်စားလှယ်တွေဟာ အများပြည်သူနဲ့ဆက်ဆံရတဲ့ ထိတွေ့မှုအများဆုံးရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ဆက်ဆံရေးမှာ အဆင်ပြေစေချင်ပါတယ်။ ပြည်သူနဲ့ဆက်ဆံတဲ့နေရာမှာ မောက်မောက်မာမာဆက်ဆံတာမျိုးတွေ မဖြစ်ဖို့လိုအပ်ပါတယ်။ တခါတလေလုပ်ငန်းအပေါ်ဇွဲနဘဲကြီးပြီးလုပ်ရာကနေ ကိုယ်စားလှယ်တွေက ပြည်သူတွေကိုပြောတဲ့အခါမှာ အမှားအယွင်းလေးရှိသွားနိုင်ပါတယ်။ အဓိကကတော့ ဒါလေးတွေဆင်ခြင်လိုက်ရင် ကျွန်တော်တို့ ၃ ကိုယ်စားလှယ်တွေ (၃) နှစ်ပြည့်ပြီး နောက်မှာလည်း လက်ရှိလုပ်နေတဲ့အတိုင်း ဒီထက်ပိုပြီးကြိုးစား ရမှာဖြစ်ပါတယ်။ ၂၀၂၀ အတွက် အများကြီးအရေးကြီးတယ်ဆိုပြီး ဝန်ကြီးချုပ်ကြီးပြောသွားပါတယ်။ ကိုယ်စားလှယ်များပိုပြီးတော့ ကြိုးစားလုပ်ရမည့်အနေအထားမျိုးရှိကြောင်း၊ ဒီနှစ်ဟာကိုယ်စားလှယ်တွေအတွက် စရိတ်စကဘတ်ဂျက်ကို တော်တော်များများတောင်းပြီးမှ ကွင်းဆင်းတဲ့အလုပ်တွေ အများကြီးလုပ်ပါတယ်၊ ကွင်းဆင်းတဲ့အလုပ်လုပ်ရာမှာအစိုးရဘက်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ၊ ဌာနမှတာဝန်ရှိသော ပုဂ္ဂိုလ်တွေနဲ့ပူးပေါင်းပြီးလုပ်နေရကြောင်း၊ (၃)နှစ်ပြည့်အခမ်းအနားမှာ ကျွန်တော်တို့ကိုယ်စားလှယ်ကြီးများ ပြည်သူအကျိုးအတွက်ကို ဒီထက်မကပိုပြီးလုပ်ဆောင်နိုင်ကြပါစေလို့ ကျွန်တော့်အနေနဲ့ ဆုတောင်းပါတယ်။ ကိုယ်စားလှယ်များပြည်သူ့ရဲ့အကျိုးကိုဆထက်ထမ်းပိုး ပိုပြီးတော့တာဝန်ထမ်းဆောင်နိုင်အောင်လို့ (၃) နှစ်ပြည့်အခမ်းအနားမှာ ယခုလိုပြောဆိုခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။   နောက်တစ်ခုပြောချင်တာကတော့ ဒီကနေ့လွှတ်တော်သက်တမ်း (၃) နှစ် ပြည့်မှာ အထိမ်းအမှတ် အနေနဲ့ ကျွန်တော်ဝန်ကြီးချုပ်ကြီးဆီက လက်ဆောင်တစ်ခုတောင်းချင်ပါတယ်။ ကျွန်တော်တို့ (၁၉) ရက်နေ့မှာ ချင်းပြည်နယ်သွားပါမယ်။ ချင်းပြည်နယ်က ကိုယ်စားလှယ်အားလုံးနှင့် ဝန်ထမ်း တွေကော လိုက်ကြမှာဖြစ်၍ လူ (၁၀ဝ) နီးပါးရှိပါတယ်၊ (၁၀ဝ) နီးပါးရှိ၍ ချင်းပြည်နယ် လွှတ်တော်က သူတို့ဆီမှာရိပ်သာရှိပါတယ်။ (၁၀ဝ) ဦး အတွက်မပူရ၊။ တည်းခိုရန် အားလုံး အဆင်ပြေအောင်စီစဉ်ပေးကြောင်း၊ ပြီးခဲ့တဲ့နှစ်ကတိုင်းနှင့်ပြည်နယ်လေ့လာရေး ခရီးသွား ရာမှာလည်း မွန်ပြည်နယ်ကသူတို့ရိပ်သာမှာ ကောင်းကောင်းမွန်မွန်ထားပေးကြောင်း၊ ပြောချင် တာကတော့ တခြားတိုင်းနဲ့ပြည်နယ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်များအတွက် ရိပ်သာ ရှိပါတယ်။ မန္တလေးတိုင်းက ရိပ်သာမရှိဘူးဖြစ်နေ၍ ဝန်ကြီးချုပ်ကြီးကိုကျွန်တော်တို့ (၃) နှစ်ပြည့် လက်ဆောင်အနေနဲ့ လွှတ်တော်ရုံးအနောက်ဘက်က မြေကွက်လေးများရရင် ကျွန်တော်တို့ကို စဉ်းစားပေးပါလို့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ကိုယ်စားတောင်းဆိုရင်းနဲ့ ဝန်ကြီးချုပ်ကြီးကို ကျေးဇူးလည်းတင်မှာပါ။ ”


------------------------------------------------

လွှတ်တော်ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း


ဥက္ကဋ္ဌ


“လေးစားအပ်ပါသော လွှတ်တော်ကိုယ်စားလှယ်များအားလုံး၊ တပ်မတော်သား ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက် စကားပြောပါရစေ။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် သက်တမ်းအတွက် ဥက္ကဋ္ဌ တာဝန်ကို လူကြီးမင်းတို့က ကျွန်တော့်အား ပေးအပ်ခဲ့တာကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါကြောင်း၊ ကျေးဇူးတင်ရှိပါကြောင်း ပဏာမပြောကြားလိုပါတယ်။ လူကြီးမင်းတို့ ပေးအပ်တဲ့တာဝန်ကို ကျွန်တော့်အနေနဲ့ မိမိ၏ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်လို့ ကတိပြုပါတယ်။ ဒီလိုထမ်းဆောင်ရာမှာ မိမိရဲ့ကိုယ်ကျိုး မပါဘဲ အများပြည်သူရဲ့အကျိုးကို ရှေးရှုပြီး အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ပါ့မယ်လို့လည်း ဝန်ခံ ကတိပြုပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားများဟာ အပြောင်းအလဲတစ်ရပ်ကို လိုလားကြလို့ ကျွန်တော်တို့ကို ဝိုင်းဝန်းတာဝန်ပေးခဲ့ကြတာကြောင့် ကိုယ်စားလှယ်တော်ကြီးများနှင့် ကျွန်တော်တို့ဟာ ဒီနေရာကို ရောက်နေကြတာဖြစ်ပါတယ်။ ဒီလိုတာဝန်ပေးလိုက်တော့ ကျွန်တော်တို့တတွေဟာ ပြည်သူ များရဲ့ အကျိုးစီးပွား၊ ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီတဲ့ အခွင့်အရေးတွေရရှိအောင် အားနဲ့မာန်နဲ့ ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။ ပြည်သူတွေ ပေးအပ်ထားတဲ့တာဝန်ကို ကျွန်တော်တို့ကကျေပွန် ကြရပါလိမ့်မယ်။ ဒီလိုကျေပွန်မှသာ ကျွန်တော်တို့ကို ပြည်သူအားလုံးက ပိုမိုပြီး ယုံကြည်ကိုးစားမှု ရှိပါလိမ့်မယ်။ တကယ်တော့ နိုင်ငံရေးဆိုတာဟာ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံရဲ့အရေးကိစ္စ ဖြစ်တာ ကြောင့်မို့ နိုင်ငံရေးဆောင်ရွက်ဖို့ဆိုတာ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အဲလိုတာဝန်ရှိသလို နိုင်ငံရေးကို ဆောင်ရွက်ရာမှာ ရိုးသားမှုရှိဖို့လဲ လိုအပ်ပါတယ်။ ရိုးသားမှုဆိုတာ ကျွန်တော်တို့ကို တာဝန်ပေးလိုက်တဲ့ ပြည်သူလူထုအပေါ် မလိမ်မညာဘဲနဲ့ တာဝန်ကျေအောင် လုပ်ဆောင်ပေးခြင်းသာ ဖြစ်ပါတယ်။ အများ ပြည်သူအကျိုးအတွက် ရိုးသားစွာလုပ်မယ်ဆိုရင် ကျွန်တော်တို့တတွေရဲ့ နိုင်ငံရေးဂုဏ်သိက္ခာဟာ အမြဲတမ်းမြင့်မားနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တတွေဟာ ပြည်သူနဲ့ဆက်ဆံတဲ့နေရာမှာ ရိုးသားစွာ ဆက်ဆံဖို့ လိုအပ်ပါတယ်။ ဒါကို ကျွန်တော်တို့ ကိုယ်စားလှယ်ကြီးများက ထိန်းသိမ်း စောင့်ရှောက်ကြရပါမယ်။ ကျွန်တော်တို့ ဒီမိုကရေစီတိုင်းပြည်တွေမှာ မဏ္ဍိုင်ကြီး (၃)ရပ် ခိုင်ခိုင် မာမာရှိရပါမယ်။ ဒီမဏ္ဍိုင်ကြီး (၃)ရပ်ဟာ အပြန်အလှန်ထိန်းကြောင်းပြီးတော့ ဆောင်ရွက်မှုရှိရပါ မယ်။ အဲလိုအပြန်အလှန် ထိန်းကြောင်းမှုရှိမှသာ တိုင်းပြည်ဟာ အစစအရာရာ ဖွံ့ဖြိုးတိုးတက်ပါလိမ့် မယ်။ ကျွန်တော်တို့ ဥပဒေပြုရေးမဏ္ဍိုင်ဟာ ပြည်သူလူထုအတွက် တရားတဲ့ဥပဒေတွေ ပြဋ္ဌာန်းပေး ရမှာဖြစ်ပါတယ်။ မတရားတဲ့ဥပဒေတွေကိုလဲ ဖျက်သိမ်းတန်တာကို ဖျက်သိမ်း၊ ခေတ်နှင့်လျှော်ညီ အောင် ပြင်သင့်တာကို ပြင်ဆင်၊ ဖြည့်စွက်သင့်တာကို ဖြည့်စွက်ရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် လုံခြုံရေးကို အပြည့်အဝမပေးနိုင်ဘူး။ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေကို ပြဋ္ဌာန်း ပေးရမယ့်တာဝန်ရှိပါတယ်။ ပြဋ္ဌာန်းပေးရမယ့် တာဝန်ရှိပါလျှက်နဲ့ ပြဋ္ဌာန်းမပေးရင် ကျွန်တော်တို့ဟာ ဥပဒေချိုးဖောက်သူ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ဥပဒေပြုသူများဟာ ဥပဒေဖောက်ဖျက်သူများမဖြစ်ဖို့ အရေးကြီးပါတယ်။ အင်္ဂလိပ်လိုပြောမယ်ဆိုရင် “Law Makers should not be Law Breakers’’ လွှတ်တော်ကြီးဟာ ဥပဒေပြုယုံသာမကပါဘူး အစိုးရရဲ့ ဆောင်ရွက်မှုများကိုလည်း ထိန်းကြောင်း ပေးရတဲ့ တာဝန်ရှိပါတယ်။ ထို့အပြင် ဘဏ္ဍာငွေ ရသုံးမှန်းခြေငွေစာရင်းများကိုလည်း စိစစ်ရမယ့် တာဝန်ရှိပါတယ်။ ဒီလိုကြီးမားတဲ့ တာဝန်အများအပြားကို ဆောင်ရွက်ရမှာမို့ ကျွန်တော်တို့အားငယ် စရာမရှိဘူး။ ဒီတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့ လိုအပ်တဲ့ စွမ်းရည်မြှင့်သင်တန်းတွေကို ကျွန်တော်တို့ တက်ကြရမှာပါ။ အမှန်ကတော့ အဓိကကတော့ စိတ်ဆန္ဒပါပဲ ပြည်သူတွေအတွက် လုပ်ဆောင်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်ဟာ အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ အဲဒီခိုင်မြဲတဲ့ စိတ်ဓာတ် ရှိနေရင် ကျွန်တော်တို့မှာ ဘာအခက်အခဲမှ မရှိနိုင်ပါဘူး။ အဲဒီစိတ်ဓာတ်အပေါ်မှာ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကျွန်တော်တို့ရဲ့ အတတ်ပညာကို ဖြည့်စွက်လိုက်ရင် ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဟာ မအောင်မြင်ပဲ မနေပါဘူး။ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့အကျိုးစီးပွားကို ဆောင်ရွက်ကြရမှာဖြစ်လို့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲတွေ မထားပဲနဲ့ နိုင်ငံသူ၊ နိုင်ငံသားတို့အကျိုးကို ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်။ ဤကဲ့သို့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ ကင်းကင်းနဲ့ ဥပဒေပြုရေးတာဝန်ကို ထမ်းဆောင်ကြမယ်ဆိုရင် ကျွန်တော်တို့လွှတ်တော်ရဲ့ ဂုဏ်သိက္ခာမြင့်မားနေမှာပါ။ ဒါဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာဟာ မြင့်မားနေမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာမြင့်မားအောင်၊ ကျွန်တော်တို့ပြည်သူတွေရဲ့ဘဝတွေ တိုးတက်ပြီး အဆင်ပြေချောမွေ့အောင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ထူထောင်နိုင်အောင် အားလုံးဝိုင်းဝန်း ကြိုးစား ဆောင်ရွက်ကြပါစို့ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်လိုက်ပါတယ်။” (သြဘာသံများ)


မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့ မိန့်ခွန်းပြောကြားခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း


ဝန်ကြီးချုပ်


လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့်တကွ ရွေးကောက် တင်မြှောက် ခံထားရသော ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော် များနှင့် မီဒီယာများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်း နှစ်ဖြာသော ချမ်းသာခြင်း နှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနှင့် မင်္ဂလာပါလို့ ဂါရဝပြု နှုတ်ဆက်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့်တကွ ကိုယ်စားလှယ်တော်ကြီးများခင်ဗျား ကျွန်တော့်ကို ကန့်ကွက်သူမရှိ ဝန်ကြီးချုပ်အဖြစ် ထောက်ခံပေးလိုက်တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြား လိုပါတယ်။ ဝန်ကြီးချုပ်ရာထူးဟာ တာဝန်အလွန်ကြီးမားပါတယ်။ ဒီလိုတာဝန်ကြီးမားတဲ့ ရာထူး တစ်ခုကို ယုံယုံကြည်ကြည်နဲ့ ကျွန်တော့်ကို အပ်နှင်းတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းပြော ကြားလိုပါတယ်။ (၃၀.၃.၂၀၁၆)ရက်နေ့က ယခင်အစိုးရအဖွဲ့ဟောင်းနှင့် အစိုးရအဖွဲ့သစ်ကို အာဏာ လွှဲပြောင်းခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူအားလုံးဟာ ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့သစ်အပေါ်မှာ အများ ကြီး မျှော်လင့်ထားခဲ့ကြပါတယ်။ အလားတူ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်း ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးမှာ ရှိကြတဲ့ ပြည်သူလူထုအားလုံးက မျှော်လင့်နေကြမယ်ဆိုတာ မလွဲမသွေ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ရာ ကျွန်တော်တို့အစိုးရအဖွဲ့မှာ တာဝန် ရှိပါတယ်။ ဒီတော့ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ “ဆန္ဒါဓိပတိ၊ စိတ္တာဓိပတိ၊ ဝိရိယာဓိပတိ၊ ဝီမံသဓိပတိ” ဆိုတဲ့ အောင်မြင်ခြင်းတရား(၄)ပါးကို ရင်မှာပိုက်ပြီးတော့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်း ပေးကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ရာမှာ ကျွန်တော်တို့ အုပ်ချုပ်ရေးမဏ္ဍိုင်မှာရှိတဲ့ အစိုးရအဖွဲ့တစ်ခုတည်းမှာ တာဝန်မရှိဘူးဆိုတာ ဒီနေရာ ကနေ အသိပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံတော်မှာ မဏ္ဍိုင်ကြီး(၃)ရပ် ရှိပါတယ်။ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့ ဖြစ်ပါတယ်။ ယနေ့ဥပဒေပြုရေးကို တာဝန်ယူထားတဲ့ လွှတ်တော်ကြီးမှာလည်း ပြည်သူတွေကို အကျိုးရှိမဲ့ ဥပဒေ တွေ၊ ပြည်သူတွေကို အကာအကွယ်ပေးမဲ့ ဥပဒေတွေ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်း ပေးမဲ့ဥပဒေတွေ ပြဋ္ဌာန်းပေးရမှာ ဟောဒီ့ လွှတ်တော်ကြီးမှာ တာဝန်ရှိပါတယ်။ အလားတူ ပြည်သူ တွေကို ဖိနှိပ်ထားတဲ့ဥပဒေတွေ၊ ပြည်သူတွေရဲ့ အကျိုးကို မကာကွယ်တဲ့ဥပဒေတွေဆိုရင် ကျွန်တော် တို့ ဖျက်သိမ်းပေးဖို့ရာ တာဝန်ရှိပါတယ်။ ခေတ်နဲ့ မလျော်ညီတဲ့ဥပဒေတွေ ပြင်ဆင်ရေးဟာလည်း လွှတ်တော်ကြီးမှာ တာဝန်ရှိပါတယ်။ ဒါ့ကြောင့်မို့ ကျွန်တော်တို့ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ်ကြီးများအားလုံးလည်း ကျွန်တော်တို့ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတယ်ဆိုတဲ့ အသိတရားကို ရင်မှာပိုက်ထားဖို့ လိုပါတယ်။ အလားတူ ကျွန်တော်တို့ရဲ့ တရားစီရင်ရေးမဏ္ဍိုင်ကြီး တည့်မတ်ခိုင်မာအောင် မယိမ်းယိုင်အောင် “တရားစီရင် ရေးမဏ္ဍိုင်”မှာပါတဲ့ ပုဂ္ဂိုလ်များအားလုံးလည်း ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။ ဒီမဏ္ဍိုင်ကြီး(၃)ရပ်စလုံးဟာ တိုင်တိုင်ပင်ပင်၊ ညှိညှိနှိုင်းနှိုင်း၊ ပူးပူးပေါင်းပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့တတွေ အောင်မြင်မှုရမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များအားလုံးခင်ဗျား။ ကျွန်တော်တို့သည် ပြည်သူ တွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်(၃)ရပ်စလုံး တာဝန်ရှိတယ်ဆိုတာ ကျွန်တော်တို့ ပြောကြားခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ မှာ မဏ္ဍိုင်ကြီး(၃)ရပ်ဟာ အပြန်အလှန် ထိန်းကျောင်းကြမယ်။ သတ်မှတ်ထားတဲ့အတိုင်းပဲ အကန့် အသတ်နဲ့ အာဏာကို ခွဲဝေသုံးစွဲကြမယ်။ ဒီအာဏာဟာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအတွင်း ကန့်သတ်ချက်ရှိ ထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ ကျွန်တော် အုပ်ချုပ်ရေးမဏ္ဍိုင် အဓိကတာဝန် ရှိပါတယ်။ ဝန်ကြီးချုပ်တစ်ဦးအနေနဲ့ ကျွန်တော်တို့ အုပ်ချုပ်ရေးမဏ္ဍိုင်ကို လွှတ်တော်ကြီးက ထိန်းမတ်၊ စောင့်ကြပ်၊ ကြည့်ရှုပေးပါလို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။ ဒီတာဝန်ကို ကျွန်တော်တို့ အုပ်ချုပ်ရေး မဏ္ဍိုင်အဖွဲ့ကြီးကို လွှတ်တော်ကြီးက ကျွန်တော်တို့ကို Oversight function လို့ ခေါ်တဲ့ ကြည့်ရှုထိန်းပေးမဲ့လုပ်ငန်းကို ကျွန်တော်တို့ ကျေကျေနပ်နပ်ကြီး တာဝန်ယူမှာ ဖြစ်တယ်လို့ ကျွန်တော်ပြောကြားချင်ပါတယ်။ အလားတူ ကျွန်တော်တို့ အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ လည်း အပြန်အလှန်အားဖြင့် တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်သလား၊ မတည့်မတ်ဘူးလား၊ ယိမ်းယိုင်နေသလားဆိုတာတွေကို ကျွန်တော်တို့ကလည်း စောင့်ကြပ်ကြည့်ရှုထိန်းသိမ်းမှာ ဖြစ်ပါ တယ်။ ဒီလို အပြန်အလှန် ထိန်းကျောင်းရင်းနဲ့ တည့်မတ်မှသာ ကျွန်တော်တို့ နိုင်ငံဟာလည်း ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးနှင့်တကွ ကိုယ်စားလှယ် တော်ကြီးများအားလုံးခင်ဗျား။ ကျွန်တော်တို့တတွေကို ပြည်သူတွေက တာဝန်ပေးလိုက်တာ အာဏာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဥက္ကဋ္ဌပြောတဲ့စကားတစ်ခွန်း ရှိပါတယ်။ ပြည်သူတွေကို အလုပ်အကျွေးပြုရလောက်တဲ့ ဂုဏ်တွေထဲမှာ ပြည်သူတွေကို အလုပ်အကျွေးပြုရတဲ့ဂုဏ်ဟာ အမြင့် မားဆုံးဖြစ်ပြီး ဒီဂုဏ်ဟာ ဘယ်ဂုဏ်နဲ့မှ မနှိုင်းယှဉ်လောက်ပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူတွေကို အလုပ်အကျွေးပြုရမဲ့အချိန်မှာ ကျွန်တော်တို့ ရိုးသားဖို့လိုပါတယ်။ သန့်ရှင်းဖို့ လိုပါတယ်။ ကြိုးစားဖို့လိုပါတယ်။ ဒီလို ရိုးရိုးသားသား၊ ကြိုးကြိုးစားစား၊ သန့်သန့်ရှင်းရှင်းနဲ့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ဒီအတိုင်းဆောင်ရွက်ကြမယ်ဆိုတာ အသိပေး ချင်ပါတယ်။ ဒီလို ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ကျွန်တော်တို့အစိုးရ အုပ်ချုပ်ရေး ပိုင်းမဏ္ဍိုင်(၃)ခုဟာ ပြည်သူတွေရဲ့တာဝန်ကို ထမ်းဆောင်တဲ့အခါမှာ ကျွန်တော်တို့ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ အသင်းအဖွဲ့စွဲ ဒီစွဲတွေကိုမရှိအောင် ကျွန်တော်တို့ ထိန်းသိမ်းပြီး ဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံမျှော်လင့်နေတဲ့ ပန်းတိုင်၊ ဒီမိုကရေစီ ပန်းတိုင်၊ ဖက်ဒရယ်ပန်းတိုင်ကို ရောက်မှာ ဖြစ်ပါတယ်။ဥက္ကဋ္ဌကြီးနှင့်တကွ ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ကျွန်တော်တို့ ပြည်ထောင်စု အစိုးရအဖွဲ့ဟာ ဘာကို ရည်မှန်းချက်ထားပါ သလဲဆိုရင် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖက်ဒရယ် ပြည်ထောင်စုဖော်ဆောင်ရေးဆိုတာကို ရည်မှန်းချက် ပန်းတိုင်ထားပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အချိန်မှာ ''ကျွဲစီးရေပါ'' ဖြစ်သလို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ကျွန်တော်တို့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ သွေးစည်းခိုင်မာရေးကို ဆောင်ရွက်ရင်းနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ကို ဆောင်ရွက်မှသာလျှင် လူမျိုးပေါင်းစုံနေထိုင်တဲ့ ကျွန်တော်တို့ နိုင်ငံတော်ကြီးဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်နိုင်မှာဖြစ်ပါတယ်။ ဂုဏ်သိက္ခါရှိတဲ့ နိုင်ငံတော်တစ်ခုကို ထူထောင်နိုင်မှသာလျှင် ဂုဏ်သိက္ခါရှိတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ အာဆီယံ အလယ်၊ ဥရောပအလယ်၊ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခါရှိရှိ ရပ်တည်နိုင်မှာဖြစ်ပါတယ်။ ဒီကြောင့်မို့ ဒီနေရာကနေ နိဂုံးချုပ်အားဖြင့် မေတ္တာရပ်ခံချင်ပါတယ်။ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်မှာ ပါဝင်ပတ်သတ်နကြေတဲ့ ပြည်သူ့အကျိုးကို ဆောင်ရွက်ကြမဲ့ ပုဂ္ဂိုလ်တွေ အားလုံး လက်တွဲပြီးတော့ စေတနာသန့်သန့်၊ ရိုးရိုးသားသား၊ အဂတိတရားကင်းတဲ့ ဆောင်ရွက် ချက်များ ကျွန်တော်တို့ ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းရင်းနဲ့ ကျွန်တော့်ရဲ့ မိန့်ခွန်းကို နိဂုံးချုပ် အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။