လွှတ်တော်/ ကော်မတီများ / အစီရင်ခံစာများ

အစီရင်ခံစာများ

လွှတ်တော်ပုံမှန်အစည်းအဝေးကို နာယက က တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ခေါ်ယူကျင်းပရမည်။ ပုံမှန်အစည်းအဝေး တစ်ကြိမ်နှင့် တစ်ကြိမ်အကြား အရှည်ကြာဆုံးကာလည် ၁၂ လ ထက် မပိုစေရ။

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာ ကြားနာပွဲကျင်းပသည့်နေရာ – မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာ

ကြားနာပွဲကျင်းပသည့်နေရာ – မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့

တက်ရောက်သူ – ၁၂.၁၁.၂၀၁၈ (၁၃၀) ဦး၊ ၁၃.၁၁.၂၀၁၈ (၁၅၀) ဦး

ဆွေးနွေးသူ      – ၁၂.၁၁.၂၀၁၈ (၁၂)ဦး၊ ၁၃.၁၁.၂၀၁၈ (၆)ဦး

အကြံပေးစာ     – ၆ စောင်

ရည်ရွယ်ချက်

၁။      မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ရှိ ကျောက်မျက်ရတနာ အသေးစားနှင့် လက်လုပ် လက်စား တူးဖော်သူများအတွက် အမှန်တကယ်လိုက်နာကျင့်သုံးနိုင်သော ဥပဒေ တစ်ရပ် ပေါ်ထွန်း လာစေရေးအတွက်ရည်ရွယ်ပါသည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်

၂။      လက်လုပ်လက်စားနှင့် ပတ်သက်၍ ဒေသခံများမှ အကြံပြုရာ၌ ပေါက်ထမ်းဆေး၊ လေးပင်၊ ကိုးပင်၊ တွင်းလုံး၊ မျှော၊ အင်းဗြဲ၊ သံတူရွင်း၊ ပေါက်ပြား၊ ရေစုပ်စက်မျှသာ အသုံးပြုပြီး အကြီးစား စက်ယန္တရားများ၊ စက်ပစ္စည်းကိရိယာများ အသုံးမပြုသော လုပ်ငန်းကို ခေါ်တွင်စေလိုပါသည်။ ရေစုပ်စက်ဆိုရာတွင် အချို့မှာ မြင်းကောင်ရေ (၂၅) ကောင်၊ အချို့က (၁၀)ကောင်၊ အချို့က (၅) ကောင် ပေးရန် အကြုံ ပေးပါသည်။

ကျောက်မျက်ရတနာလက်လုပ်လက်စားလုပ်ကွက်

၃ ။     လုပ်ကွက်သတ်မှတ်ရာတွင် ကျောက်မထွက်သော နေရာဒေသများ သတ်မှတ်ပေးခြင်း မပြုရန် တောင်းဆိုပါသည်။ ကျောက်မျက်ထွက်သောနေရာများတွင် လက်လုပ်လက်စား လုပ်ကွက်များ သတ်မှတ်ပေးရန် တောင်းဆိုကြပါသည်။ အချို့မှာ ကျောက်ထွက်သော နေရာများတွင် အလတ်စား များအတွက် တစ်ပုံ၊ အသေးစားလုပ်ကွက်များအတွက် တစ်ပုံ၊ လက်လုပ်လက်စားများအတွက် တစ်ပုံပေးရန် တင်ပြကြပါသည်။

ကျောက်မျက်ရတနာ လက်လုပ်လက်စားတူးဖော်ရန် အကျယ်အဝန်း

၄။      အချို့မှာ ၁ဧကလုံလောက်သည်ဟု ပြောပါသည်။ အချို့မှာ ထိုမျှပင်မလုံလောက်ဟု ပြောပါသည်။

ကျောက်မျက်ရတနာ လက်လုပ်လက်စားတူးဖော်ရန် အချိန်ကာလ

၅။      လက်လုပ်လက်လက်စား ကျောက်မျက်တူးဖော်ခြင်းဖြစ်သဖြင့် အချိန်ကာလ သတ်မှတ် ပေးရန်မလိုဟုပြောပါသည်။ အဘယ်ကြောင့်ဆိုသော် အချို့မှာ တွင်းအမျိုးအစား အလိုက် သုံးလ၊ လေးလမျှသာကြာသည်ဟုပြောပါသည်။ ထို့အပြင် အချိန်ကာလ သတ်မှတ်ပါက တွင်းအနေအထား အလိုက် သက်တမ်းတိုးခွင့် ပြုခွင့်ပေးရန် လိုကြောင်း တင်ပြပါသည်။

မိုးကုတ်မြို့၏ လက်ရှိမြေပြင်အနေအထား

၆။      လက်ရှိမိုးကုတ်မြို့တွင် ကျောက်မျက်တူးဖော်နေသူများမှာ ပုဂ္ဂလိက စီးပွားရေးဦးပိုင် လီမိတက်များ လုပ်ကိုင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ အချို့မှာ သက်တမ်းကုန်ပြီး နောက် သက်တမ်းထပ်မံမတိုးကြပါ။ သက်တမ်းမကုန်သေးသူများ ဆက်လက်လုပ် ကိုင်နေသည်ကို တွေ့ရှိရပါသည်။ သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ ကျောက်မျက်ထွက်သော နေရာများကို ကန့်သတ်ရယူထားသည်ကို တွေ့ရှိရပါသည်။ ၎င်းနယ်မြေတွင် မည်သူမျှ ကျောက်မျက် တူးခွင့် မပြုသည်ကို သိရှိရသော်လည်း စက်ယန္တရားများနှင့် တူးဖော်နေသည်ကို ဒေသခံ များပြောကြား၍ လည်းကောင်း၊ ၎င်းတို့၏ ပြောကြားချက်အရ လက်တွေ့ကွင်းဆင်း ကြည့်ရှု၍ တွေ့ရှိရပါသည်။ အချို့လုပ်ကွက်များတွင် စီးပွားရေးဦးပိုင်လီမိတက်မှ အမည်ခံပြီး အခြားအဖွဲ့အစည်းများအား လုပ်ကိုင်ခွင့်ပြုထားသည်ကို တွေ့ရှိရပါသည်။ လုပ်ကွက် သက်တမ်းကုန်သည့်အခါတွင်လည်း အချို့ မှာ ပြန်လည်အပ်နှံခြင်းမရှိသည်ကို တွေ့ရှိရ ပါသည်။ အချို့မှာ လုပ်ပိုင်ခွင့်ရ အကွက်များပေါ်တွင် အဆောက်အဦးများ အခိုင်အမာ တည်ဆောက်ထားသည်ကို တွေ့ရှိရပါသည်။ ရတနာနယ်မြေ သတ်မှတ်ထားသော မြေများ ပေါ်တွင် ပုံစံ (၇) ထုတ်ပေးထားသည်ကို တွေ့ရှိရပါသည်။ ပုံစံ(၇) ထွက်ရှိပြီးနောက် အခြား နည်းအသုံးပြုခွင့် တောင်းခံလျှောက်ထားပြီး ကျောက်မျက်တူးဖော်ရန်  (သို့မဟုတ်) ကျောက် မျက်လုပ်ပိုင်ခွင့် လျှောက်ထားနိုင်ရန်အတွက် လက်ဦးမှုရယူထားသည်ကို သိရှိ ရပါသည်။  လက်လုပ်လက်စားလုပ်ကိုင်သူများ၏ တူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးပြီး စက်ယန္တရားကြီးများသုံးစွဲပြီး တူးဖော်သည့်အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု များစွာရှိနေသည်ကို တွေ့ရှိရပါသည်။ လက်လုပ်လက်စားများ စိတ် ကြိုက် တူးဖော် ပြီးသည့်တိုင် အသေးစား၊ အလတ်စားများ ဆက်လက်တူးဖော်၍ ရနိုင် ပါသည်။

 

 

လက်လုပ်လက်စားများ၏အခြေအနေ

၇။      မိုးကုတ်မြို့တွင် လက်လုပ်လက်စားများတူးဖော်ရန် မြေနေရာမရှိသလောက် ဖြစ်နေ ပါသည်။ စားဝတ်နေရေး အခက်အခဲဖြစ်နေသည်ကို တွေ့ရှိရပါသည်။ လက်လုပ်လက်စား လုပ်ပိုင်ခွင့် ဥပဒေပေါ်ပေါက်လာရန် မျှော်လင့်နေကြပါသည်။ ၎င်းဥပဒေ ပေါ်ပေါက် လာမှ သာလျှင် ဥပဒေနှင့် အညီ စိတ်အေးချမ်းသာစွာလုပ်နိုင်မည်ဖြစ်ကြောင်းနှင့် ဥပဒေအကာ အကွယ်လည်း ရနိုင်မည်ဖြစ်ကြောင်းပြောပါသည်။ ထို့အပြင်  ဥပဒေမှ သတ်မှတ်သော အခွန်အခများ ထမ်းဆောင်လိုကြောင်း ပြောပါသည်။ ကျောက်မျက်ရတနာလုပ်ကွက် စိစစ်ချ ထားရေးအဖွဲ့ ဖွဲ့သင့်ပါသည်ဟုတင်ပြကြပါသည်။ ထိုအဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်၊ မြို့စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့မိမြို့ဖ၊ CSO ၊ ကျောက်မျက်နှင့် ပတ်သက်၍ ကျွမ်းကျင်သူ၊ ဒေသခံလုပ်ကွက်ရပ်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး၊ ဥပဒေ နားလည်ကျွမ်းကျင်သူ၊ ရင်းနှီးမြှုပ်နှံသူ၊ ကျောက်မျက်လုပ်ငန်းလုပ်ကိုင်သူများ ပါဝင်စေ လိုကြောင်း ဆွေးနွေးပါသည်။

အကြံပြုသုံးသပ်ချက်

၈။      မိုးကုတ်မြို့၏ အခြေအနေသည် အခြေခံလူတန်းစားများအတွက် ကျောက်မျက် တူးဖော် ထုတ်လုပ်ပိုင်ခွင့် အခွင့်အရေးလွန်စွာ နည်းပါးနေသည်ကို တွေ့ရှိရပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ယခင်ပြဋ္ဌာန်းခဲ့သော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ပိုင်ခွင့် ချထားခဲ့သည့် အမိန့်ကြေညာစာများကြောင့် လက်လုပ်လက်စားလုပ်ပိုင်ခွင့် အခွင့်အရေးများ မရှိဖြစ်ခဲ့ရပြီး လုပ်ပိုင်ခွင့်ရှိသူ၊ ပုံစံ(၇) လက်ဝယ်ရရှိသူ၊ ငွေကြေးတတ်နိုင်သော လုပ်ငန်းရှင် များသာလျှင် လုပ်ပိုင်ခွင့်ရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ ပုံစံ(၇) ချထားပေးခြင်းသည် ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ အထူးစစ်ဆေးသင့်ကြောင်း၊ လိုအပ်ပါက အထူးစုံစမ်း စစ်ဆေး ရေးအဖွဲ့ဖွဲ့စည်းပြီး ဥပဒေနှင့် ညီညွတ်ခြင်းမရှိသော ပုံစံ(၇)ချထားပေးသည့် မြေများကို ပြန်လည်ပယ်ဖျက်သင့်ပါသည်။ ထို့ပြင် လုပ်ပိုင်ခွင့် သက်တမ်းကုန်သော လုပ်ကွက်များအား လက်လုပ်လက်စားများအတွက် ထည့်သွင်း စဉ်းစားသင့်ပါသည်။ လက်လုပ်လက်စားများ အား ချထားပေးရာတွင် ကျောက်မထွက်ရှိသော နေရာ ဒေသများတွင် ချထားပေးခြင်း မပြုသင့်ပါ။ လုပ်ပိုင်ခွင့်ရှိသူ လုပ်ငန်းရှင်များထံမှ အခွန်အခများ နိုင်ငံတော်မှ ရရှိနေ သည်ဟုဆိုသော်လည်း လက်လုပ်လက်စား တစ်ဦးချင်းစီမှ ရရှိလာသော အခွန်အခများ အကျိုးခံစားခွင့်များကို ပြန်လည်နှိုင်းယှဉ်သုံးသပ် သင့်ပါသည်။ စက်ယန္တရားကြီးများ ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ပြန်လည်ထိန်းသိမ်းသင့်ပါသည်။ သိပ္ပံနှင့် နည်းပညာဦးစီးဌာနအနေဖြင့် သိမ်းဆည်းထားသော လယ်မြေဧက (၂)သောင်းအပေါ်တွင် တရားမဝင် စက်ယန္တရားကြီးများဖြင့် တူးဖော်နေမှုအား ပြန်လည်စိစစ်ကြပ်မတ်သင့်ပါသည်။ ပြည်ထောင်စု လွှတ်တော်မှ ရေးဆွဲပြဋ္ဌာန်ထားသော ၂၀၁၈ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေမူကြမ်းပါ အခန်း(၁) ပုဒ်မ ၂ ပုဒ်မခွဲ(ထ)တွင် ပြဋ္ဌာန်းထားသော “ဝန်ကြီးဌာနက သတ်မှတ်ထားသည့် နေရာ (သို့မဟုတ်) နယ်မြေပြင်ပ ဧရိယာအတွင်း လက်လုပ်လက်စား လုပ်ပိုင်ခွင့်ပြုသည်”ဆိုသော စကားရပ်ကို လက်လုပ်လက်စားအခြေခံ လူတန်းစား အားလုံးက ကန့်ကွက်နေသည်ကို တွေ့ရပါသည်။ ၎င်းဥပဒေမူကြမ်းတွင် လက်လုပ် လက်စား တူးဖော်ထုတ်လုပ်ခြင်းဆိုသော စကားရပ်အား အဓိပ္ပာယ်ဖွင့်ဆိုရာတွင် လက်လုပ် လက်စားများအတွက် လုပ်ပိုင်ခွင့်အခွင့်အရေး ကန့်သတ်လွန်း သည်ဟု ယူဆမိပါသည်။ ဖားကန့်မြို့နှင့် မိုးကုတ်မြို့တို့၏ ကျောက်မျက်တူးဖော်ပုံတို့မှာ တူးဖော်ပုံချင်းမတူညီပါ။ တူးဖော်ရရှိသော ကျောက်မျက်ရတနာအရွယ်အစားချင်း ပထဝီအနေအထားချင်း မတူညီ ကွဲပြားမှု များစွာရှိသဖြင့် ၂၀၁၈ခုနှစ် မြန်မာ့ကျောက်မျက် ရတနာဥပဒေသည် မိုးကုတ်နှင့် ဖားကန့်တွင် ကျောက်မျက်တူးဖော်မှု ပုံသဏ္ဍာန်မတူသည့်အပြင် ရှာဖွေတူးဖော်သည့် ကျောက်အရွယ်အစား၊ သဘာဝပတ်ဝန်းကျင် ကျောက်မျက်ရတနာလုပ်ကွက်များ လုံးဝ ကွဲပြားခြားနားနေပါလျှင် ကျောက်စိမ်းလုပ်ကွက်နှင့် မိုးကုတ်လုပ်ကွက်ရောနှော၍ ဥပဒေ ရေးဆွဲထားခြင်းသည် မသင့်လျော်ဟု အကြံပြုပါသည်။ လုပ်ကွက်တစ်ခုအတွက် လူနည်းစု လုပ်ငန်းရှင်တစ်ဦးထံမှ အခွန် (တစ်သိန်း) ရသည်ထက် ၎င်းလုပ်ကွက်အတွက် လူတစ်ရာ လုပ်ပိုင်ခွင့်နှင့် အခွန်(တစ်သိန်း)ရနိုင်ရန် မူဝါဒ ချမှတ်သင့်ပါသည်။

နိဂုံး

၁၁။    မန္တလေးတိုင်းဒေသကြီး ကျောက်မျက်ရတနာ အသေးစားနှင့် လက်လုပ်လက်စား ဥပဒေ ပေါ်ထွက်လာခြင်းကို ဒေသခံများ ကြိုဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် မိုးကုတ် မြို့သည် စိုက်ပျိုးရေး ပြုလုပ်ကြသည့် မြေအမျိုးစားမျိုးမဟုတ်ပါ ဒေသခံအများစုမှာ တနိုင် တပိုင်လုပ်ငန်းဖြစ်သော ကျောက်မျက်တူးဖော်ခြင်းလုပ်ငန်းကိုသာ  လုပ်ကိုင်ကြသူများ ဖြစ် သဖြင့် မန္တလေးတိုင်းဒေသကြီး ကျောက်မျက်ရတနာ အသေးစားနှင့်လက်လုပ်လက်စား ဥပဒေ အမြန်ဆုံးအကောင်အထည်ဖော် ရေးဆွဲသင့်ပါသည်။

ပူးတွဲလျက် – ကွင်းဆင်းမှတ်တမ်းဓာတ်ပုံများ

 

 

ဥက္ကဋ္ဌ

ဥပဒေပြုရေးဆိုင်ရာကော်မတီ

ဖတ်ရှုရန် Download Download

ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ ၏မန္တလေး-မတ္တရာ ရွှေတချောင်းမြောင်းဘောင်လမ်း လုပ်ငန်းနှင့်ပတ် သတ်သောအစီရင်ခံစာတင်ပြခြင်း

ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ ၏မန္တလေး-မတ္တရာ ရွှေတချောင်းမြောင်းဘောင်လမ်း လုပ်ငန်းနှင့်ပတ် သတ်သောအစီရင်ခံစာတင်ပြခြင်း

နိဒါန်း

၁။      အထက်ပါအကြောင်းအရာပါကိစ္စနှင့်ပတ်သတ်၍ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်၊ အောက်တို ဘာလမှ စက်တင်ဘာလ၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်းဦးစီး ဌာန၏ ရင်းနှီးမြုပ်နှံမှု အသေးစိတ်စာရင်း၌ မန္တလေး-မတ္တရာ ရွှေတချောင်းမြောင်း ဘောင်လမ်းလုပ်ငန်းအတွက် လျာထားရန်ပုံငွေ ကျပ်(၆၅၉၁)သန်းနှင့် လမ်းအူကြောင်း တိုင်းတာခြင်း/ပုံထုတ်ခြင်းအတွက်ငွေ ကျပ်(၅.၈၄၃)သန်းလျာထား ဆောင်ရွက်မည်ဖြစ် ကြောင်း လေ့လာစိစစ်တွေ့ရှိရပါသည်။

၂။      အဆိုပါလုပ်ငန်း၏ ငွေပမာဏသည် မြေသားဘောင်တင်လုပ်ငန်းတစ်ခုတည်းကိုပင် (၁) မိုင်၏ ကုန် ကျစရိတ်မှာ ငွေကျပ်(၆၄၇)သန်း ကုန်ကျမည်ဖြစ်သောကြောင့် (၁)မိုင်၏ အသုံးစရိတ်မှာ လွန်စွာများပြား လျက်ရှိပါသည်။

၃။      ထို့ပြင် ၎င်းလုပ်ငန်းသည် တစ်နှစ်ထဲ ပြီးပြတ်အောင် ဆောင်ရွက်နိုင်မည့်လုပ်ငန်း မဟုတ်သည့်အပြင် နှစ်ဆက်၍ ဆောင်ရွက်ရမည်ဖြစ်နေသဖြင့် ဆက်လက်၍ ငွေကြေး ထပ်မံ လျာထား တောင်းခံမှုများ ပြုလုပ် ရမည့် အခြေအနေကိုလည်း စိစစ်တွေ့ရှိရပါသည်။

၄။      အထက်ဖော်ပြပါ လုပ်ငန်းနှင့်ပတ်သတ်၍ ကော်မတီသို့ သက်ဆိုင်ရာဝန်ကြီးမှ လာ ရောက် ရှင်းလင်း တင်ပြခဲ့ရာ မူလက BOT စနစ်ဖြင့် တင်ဒါခေါ်ယူပြီးဖြစ်သော်လည်း ယင်း BOT စနစ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်သည် ပျက်ပြယ်သွားသည်ဟု သိရ ပါသည်။  ထို့ကြောင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဆိုပါက ပွင့်လင်း မြင်သာစွာ တင်ဒါအသစ်ပြန်လည် ခေါ်ဆိုသင့်ကြောင်းကို ကော်မတီမှ အကြံပြုတင်ပြ အပ်ပါသည်။

၅။      ထိုကဲ့သို့ တင်ဒါအသစ် ကိုပြန်လည်ခေါ်ဆိုပါက ဘဏ္ဍာရန်ပုံငွေပိုလျံလာနိုင်မှာဖြစ်ပြီး ၎င်းပိုလျှံ ဘဏ္ဍာရန်ပုံငွေကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်လမ်း/တံတား လုပ်ငန်းများ၌ ဦးစားပေး ထည့်သွင်းဆောင်ရွက်သင့်ပါကြောင်း ကော်မတီမှအစီရင်ခံစာ တင်ပြအပ်ပါ သည်။

                                                                

 ဥက္ကဋ္ဌ

          ဒေသန္တရစီမံကိန်း၊အရအသုံးငွေစာရင်းနှင့်ဘဏ္ဍာရေးဆိုင်ရာကော်မတီ

 

ဖတ်ရှုရန် Download Download

သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီတို့၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ

သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီတို့၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ

နိဒါန်း

၁။        ၂၀၁၈ခုနှစ်၊ မေလ(၂၁)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ကျင်းပခဲ့သော ရေးရာကော်မတီ (၁၄)ဖွဲ့၏ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ညှိနှိုင်းအစည်း အဝေးတွင် ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်က ပြဋ္ဌာန်းပြီးသော ဥပဒေ၊ နည်း ဥပဒေများအား ပြင်ဆင်ဖြည့်စွက်ရန် လမ်းညွှန်ချက်အရ အစီရင်ခံစာရေးသားတင်ပြရခြင်း ဖြစ်ပါ သည်။

ရည်ရွယ်ချက်

၂။         အထက်ပါအစည်းအဝေးမှ တာဝန်ပေးအပ်ချက်အရ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီနှင့် တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာကော်မတီတို့မှ ပူးပေါင်း၍ အောက်ပါ ဥပဒေ များအား ပြင်ဆင်ဖြည့်စွက်နိုင်ရေး လေ့လာဆောင်ရွက်ရန် ရည်ရွယ်ပါသည်-

(က)     မန္တလေးတိုင်းဒေသကြီး ရုပ်ရှင်ရုံနှင့် ဗွီဒီယိုရုံဥပဒေ (၂၀၁၄ခုနှစ်)

(ခ)       မန္တလေးတိုင်းဒေသကြီး ပြတိုက်နှင့် စာကြည့်တိုက်များဥပဒေ (၂၀၁၄ခုနှစ်)

(ဂ)       မန္တလေးတိုင်းဒေသကြီး ဇာတ်ရုံဆိုင်ရာဥပဒေ (၂၀၁၄ခုနှစ်)

(ဃ)     မန္တလေးတိုင်းဒေသကြီး ဓာတ်ပုံ၊ပန်းချီ၊ ပန်းပုပြပွဲများဥပဒေ (၂၀၁၄ခုနှစ်)

(င)       မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးဝါးဥပဒေ (၂၀၁၅ခုနှစ်)

(စ)       မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေ

(၂၀၁၅ခုနှစ်)

လုပ်ငန်းဆောင်ရွက်ချက်များ

၃။        ပူးပေါင်းကော်မတီမှ အစည်းအဝေးများကို (၉.၇.၂၀၁၈)မှ (၅.၉.၂၀၁၈)အတွင်း (၅) ကြိမ်၊ ရက်အားဖြင့် (၁၁)ရက် ကျင်းပခဲ့ပါသည်။ ပထမအကြိမ်အစည်းအဝေးမှ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၈)ကို (၉.၇.၂၀၁၈)မှ (၁၁.၇.၂၀၁၈)အထိ သုံးရက်ကြာကျင်းပခဲ့ပါသည်။ အစည်းအဝေး တွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ဆုံးဖြတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)     မတ္တရာမြို့မှ ဒေသခံတက်ကြွသူ လူငယ်များနှင့် တွေ့ဆုံပြီး၎င်းတို့၏ ဖိတ်ကြား ချက်အရ မတ္တရာမြို့သမိုင်းဖော်ထုတ်ရန်နှင့် မတ္တရာမြို့ရှိ လွန်ခဲ့သော နှစ်(၁၀၀) ကျော်က တည်ဆောက်ခဲ့သော မတ္တရာဆရာတော်ကြီး ကျောင်းတိုက်အား လေ့လာ ရန်၊ ၂၀၁၈ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့တွင် မတ္တရာမြို့သို့ ကွင်းဆင်းရန်

(ခ)       ၂၀၁၅ခုနှစ် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး ဥပဒေကို ဦးစွာလေ့လာသုံးသပ်ဆန်းစစ်ရန် ရွေးချယ်ပြီး လေ့လာခဲ့ကြပါသည်

(ဂ)       ၂၀၁၅ခုနှစ် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး ဥပဒေကို လေ့လာသုံးသပ်ပြီးနောက် ဤဥပဒေအရ ဖွဲ့စည်းထားသည့် မန္တလေး တိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီသို့ ဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းနိုင်ရန် တာဝန်ရှိသူ တစ်ဦးကို ဖိတ်ခေါ်ရန်အတွက် လွှတ်တော် ဥက္ကဋ္ဌသို့တင်ပြခြင်း

(ဃ)     ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် အခြားကျန်ရှိသည့် ရုပ်ရှင်ရုံနှင့် ဗွီဒီယို ရုံဥပဒေ၊ ပြတိုက်နှင့် စာကြည့်တိုက်များဥပဒေ၊ ဇာတ်ရုံဆိုင်ရာ ဥပဒေ၊ ဓာတ်ပုံ၊ ပန်းချီ၊ ပန်းပုပြပွဲများဥပဒေ၊ တိုင်းရင်းဆေးဝါးဥပဒေများကို လေ့လာ ဆန်းစစ် သုံးသပ်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

၄။        ပူးပေါင်းကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးမှ အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၈) ကို (၁.၈.၂၀၁၈)မှ (၂.၈.၂၀၁၈) အထိ (၂)ရက်ကြာ ကျင်းပခဲ့ပါသည်။ အစည်းအဝေး၏ ပထမနေ့ (၁.၈.၂၀၁၈) ရက်တွင် မတ္တရာမြို့နယ်သို့ ကွင်းဆင်းခဲ့ပါသည်။ မတ္တရာမြို့နယ်တွင်ကျင်းပသည့် တွေ့ဆုံဆွေးနွေးပွဲသို့ ကော်မတီ(၂)ရပ်ပေါင်းမှ ကော်မတီဝင်များ၊ မတ္တရာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေး၊ မတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများ၊ ဒေသခံ တက်ကြွလူငယ်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးခဲ့သည့် အကြောင်းအရာများမှာ-

(က)     မတ္တရာမြို့သမိုင်း အမှန်ပေါ်ပေါက်လာရန်

(ခ)       မတ္တရာမြို့ နှစ်(၁၀၀၀) ပြည့် ကျင်းပနိုင်ရန်

(ဂ)        မတ္တရာမြို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် နေရာများအား ယဉ်ကျေးမှု အမွေ အနှစ် စာရင်းဝင်ရန်တို့ ဖြစ်ပါသည်။

 

၅။        ပူးပေါင်းကော်မတီမှ ပြန်လည်သုံးသပ်အကြံပြုချက်များမှာ-

(က)     မတ္တရာမြို့၏သမိုင်း ပေါ်ပေါက်လာရန်အတွက် တရားဝင်အဖွဲ့အစည်း ထူထောင်၍             ဆက်လက်ဆောင်ရွက်ရန်၊

(ခ)       မတ္တရာမြို့ နှစ်(၁၀၀၀)ပြည့် ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာပညာရှင်များနှင့်                မြို့တည်နှစ်အား အတည်ပြုနိုင်ရေးဆွေးနွေးရန်

(ဂ)       မတ္တရာမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုနေရာများအား စနစ်တကျစာရင်းပြုစု၍ ကော်မတီသို့ ပေးပို့ပေးနိုင်ရန်အတွက် တောင်းဆိုခြင်း တို့ဖြစ်ပါသည်။

၆။        နေ့လည်ပိုင်းတွင် မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာအုပ်စု၊ ရှမ်းရွာသို့ သွားရောက်၍ ဒေသခံရှမ်းတိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ပူးပေါင်းကော်မတီ(၂)ရပ်မှ ကော်မတီဝင်များ၊ မတ္တရာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေး၊ ကျောက်တံတားကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ဒေသခံ ကျေးရွာသူ/သားများ တက် ရောက်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ဒေသခံရှမ်းတိုင်းရင်းသားများ၏ တင်ပြချက်များမှာ-

(က)     ရှမ်းစာပေနှင့် ယဉ်ကျေးမှု ပြန်လည်ဖော်ထုတ်ပေးရန်နှင့် အဆင့်မြှင့်တင်ပေးရန်၊

(ခ)       တိုင်းရင်းသားများ၏ အမျိုးသားမှတ်ပုံတင်တွင် ဗမာ၊ ဗုဒ္ဓ အဖြစ် ဖြည့်စွက်ထားမှု အားရှမ်း၊ ဗုဒ္ဓသို့ ပြောင်းလဲပေးစေလိုသည့်အချက်များ၊

(ဂ)       လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေသည့်အချက်များကို တင်ပြခဲ့ပါသည်။

၇။        တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်ဦးမှ ကော်မတီမှ လုပ်ဆောင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားများ၏ လူမှုရေး၊ စီးပွားရေးနှင့် စိတ်ပိုင်းဆိုင်ရာ သုတေသနအတွက် ထိုရှမ်းရွာသို့ လာရောက်လေ့လာခွင့်ပြုပါရန် တောင်းဆိုချက်ကို ရွာခံတိုင်း ရင်းသား များမှ ဝမ်းပန်းတသာ ကြိုဆိုကြပါသည်။

၈။        အစည်းအဝေး ဒုတိယနေ့ကို (၂.၈.၂၀၁၈)ရက်နေ့တွင် ဆက်လက်ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ပထမနေ့ကွင်းဆင်းခဲ့သည့် အကြောင်းအရာများအား ပြန်လည်သုံးသပ် ဆွေးနွေးခြင်းနှင့် ကွင်းဆင်းအစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌသို့ တင်ပြခဲ့ပါသည်။ အခြား ဆွေးနွေး သည့် အကြောင်းအရာများမှာ –

(က)     လေ့လာခဲ့ပြီးသော ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေကို လိုအပ် ပါက ပြင်ဆင်ဖြည့်စွက်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအား ကော်မ တီ အစည်းအဝေးသို့ ဖိတ်ခေါ်ရန်

(ခ)       ပူးပေါင်းကော်မတီ၏ တတိယအကြိမ်အစည်းအဝေးတွင် ၂၀၁၅ခုနှစ် မန္တလေး တိုင်းဒေသကြီး တိုင်းရင်းဆေးဝါးဥပဒေကို ဆွေးနွေးမည် ဖြစ်၍ ကော်မတီဝင်များမှ ကြိုတင်လေ့လာနိုင်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

၉။        ပူးပေါင်းကော်မတီ၏ တတိယအကြိမ်အစည်းအဝေးမှ အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၈) ကို (၉.၈.၂၀၁၈)မှ (၁၀.၈.၂၀၁၈)အထိ (၂)ရက်အကြာ ကျင်းပခဲ့ပါသည်။ အစည်းအဝေး ပထမနေ့တွင် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်အဖြစ် ရှေးဟောင်းသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဝင်း တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

၁၀။      ဒေါ်စိုးစိုးဝင်းမှ ဆွေးနွေးရာတွင် ယနေ့ကော်မတီသို့ လာရောက်ရသည့်အကြောင်းအရင်းကို မသိရှိရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှစေလွှတ်၍ လာရောက်ရခြင်းဖြစ်ကြောင်း၊ မန္တလေး တိုင်းဒေသကြီး ရှေးဟောင်းသုတေသနဦးစီးဌာနအနေဖြင့် ၂၀၁၅ခုနှစ် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းရေးဥပဒေကို မသိရှိကြောင်းနှင့် လက်ရှိတွင် ပြည်ထောင်စု မှပြဋ္ဌာန်းထားသည့် ဥပဒေ(၃)ခုကိုသာ ကိုင်ဆောင်၍ အလုပ်လုပ်နေကြောင်း၊ တိုင်းဒေသကြီး အစိုးရမှလည်း ဤဥပဒေအရ တိုင်းဒေသကြီးယဉ်ကျေးမှုအမွေအနှစ်များ ကြီးကြပ်ထိန်းသိမ်း ရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း မရှိပါသဖြင့် ကော်မတီ၏ လှုပ်ရှားမှုများနှင့် ဆောင်ရွက်ချက်များလည်း မရှိကြောင်း၊ ယနေ့ လာရောက်သည်မှာလည်း ယင်းကော်မတီကို ကိုယ်စားပြု၍ လာရောက်ခြင်းမဟုတ်ကြောင်း၊ ယနေ့ ကော်မတီအစည်းအဝေးသို့ တက်ရောက် မည်ဖြစ်၍ နေပြည်တော်ရှိဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ လမ်းညွှန်မှုတောင်းခံရာမှ ရှေး ဟောင်းနှင့် ပတ်သက်သည့် အချိုကိစ္စရပ်များကို တိုင်းဒေသကြီးအဆင့်ဖြင့် အပြီးအပြတ် ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှာကြားထားကြောင်း မိတ်ဆက် ဆွေးနွေးပါသည်။

၁၁။      ပူးပေါင်းကော်မတီ၏ မေးမြန်းချက်များကို ဖြေကြားရာတွင် ၂၀၁၅ခုနှစ် မန္တလေးတိုင်း ဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေးဥပဒေကို မသိရှိကြောင်း၊ ယင်းကော်မတီကို ဖွဲ့စည်းထားခြင်း မရှိသည့်အတွက် ကော်မတီ၏ လှုပ်ရှားမှုနှင့် ဆောင်ရွက်ချက်များ မရှိသေး ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနမှ ထိန်းသိမ်းထားသော ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာ ဇုံများအဖြစ် သတ်မှတ်ထားသောနေရာများမှာ-

(က)     တမုတ်

(ခ)       ပင်လယ်

(ဂ)       ဝတီး

(ဃ)     ပလိပ်

(င)       အင်းဝ

(စ)       တကောင်း

(ဆ)      ပင်းယ

(ဇ)       မြင်စိုင်း

(ဈ)       မန္တလေး တို့ဖြစ်ကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုံကို ပြည်ထောင်စု ဝန်ကြီးဌာနမှ တိုက်ရိုက်ကိုင်တွယ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း နောက်ထပ် ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ရန် လျာထားသည့်နေရာများ မရှိကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ် ဇုံအဖြစ် သတ်မှတ်ပါက ဒေသခံပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး အကြပ်အတည်းများ ဖြစ်ပေါ်လာမည်စိုး၍ဖြစ်ကြောင်း ဖြေကြားဆွေးနွေးပါသည်။

၁၂။      ပူးပေါင်းကော်မတီဝင်များမှ အကြံပြုဆွေးနွေးရာတွင် ၂၀၁၅ခုနှစ် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေအရ ဖွဲ့စည်းရမည့် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှု အမွေအနှစ်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းပေးရန်အတွက် အတွင်း ရေးမှူးအဖြစ် တာဝန်ယူရမည့်အပြင် ကော်မတီ၏ ရုံးလုပ်ငန်းများကိုပါ တာဝန်ယူ ဆောင်ရွက်  ရမည့် ရှေးဟောင်းသုတေသန ဦးစီးဌာနအနေဖြင့် အစိုးရအဖွဲ့သို့ အကြံပြုတိုက်တွန်း စေချင် ကြောင်း၊ ၂၀၁၅ခုနှစ် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များဥပဒေကို လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပြီး ဖြစ်သည့်အတွက် လက်တွေ့လိုက်နာကျင့်သုံး ဆောင်ရွက်စေလိုကြောင်း၊ သို့မှသာ ယင်းဥပဒေ၏ အားသာချက်၊ အားနည်းချက်များနှင့် လက်တွေ့ လုပ်ဆောင်ရာတွင် ကွာဟမှုများကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ အချို့ကိစ္စရပ်များတွင် ရှေးဟောင်းသုတေသန ဦးစီး ဌာနမှ တာဝန်ယူဖြေရှင်းရာတွင် လူအင်အား၊ ငွေကြေးအင်အားနှင့် နည်းပညာ အခက်အခဲ များ ကြုံတွေ့နိုင်ကြောင်း၊ ၂၀၁၅ခုနှစ် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း ရေးဥပဒေအရ ကော်မတီဖွဲ့၍ ဆောင်ရွက်မည်ဆိုပါက ပိုမိုလျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ဆွေးနွေးပါသည်။

၁၃။      အစည်းအဝေး ဒုတိယနေ့တွင် တက်ရောက်လာသော ကော်မတီဝင်များမှ ၂၀၁၅ခုနှစ် မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးဝါးဥပဒေအား လေ့လာသုံးသပ်စိစစ်ခြင်းများ ဆောင်ရွက် ကြပါသည်။

၁၄။      တတိယအကြိမ် အစည်းအဝေး၏ အစည်းအဝေးဆုံးဖြတ်ချက်များမှာ ၂၀၁၈ခုနှစ် သြဂုတ်လ (၁၆)ရက်နေ့တွင် မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာအုပ်စု၊ ရှမ်းရွာသို့ သွား ရောက်၍ ဒေသခံ တိုင်းရင်းသားလူမျိုးများအား သုတေသနပြုရန်၊ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးဝါးဥပဒေအား ပြင်ဆင်ဖြည့်စွက်ရေးနှင့် ပတ်သက်၍ ကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို (၂၉.၈.၂၀၁၈) ရက်နေ့နှင့် (၃၀.၈.၂၀၁၈) ရက်နေ့တို့တွင် အစည်းအဝေး ကျင်းပရန် အစည်းအဝေးသို့ တိုင်းဒေသကြီး တိုင်းရင်းဆေးဝါး ဦးဆောင်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကို တက်ရောက်နိုင်ရေးအတွက် ဖိတ်ကြားရန် ဆုံးဖြတ်ကြပါသည်။

၁၅။      ပူးပေါင်းကော်မတီ၏ ပဉ္စမအကြိမ်နှင့် ဆဋ္ဌမအကြိမ်အစည်းအဝေး အစည်းအဝေး အမှတ် စဉ် ၆/၂၀၁၈ နှင့် ၇/၂၀၁၈ကို (၂၉.၇.၂၀၁၈)မှ (၅.၉.၂၀၁၈) အတွင်း (၄)ရက်အကြာ ကျင်းပခဲ့ပါ သည်။ အစည်းအဝေးသို့ အထူးဖိတ်ကြားထားသော ဧည့်သည်တော်အဖြစ် မန္တလေးတိုင်းဒေသ ကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်ဖြူသက် တက်ရောက် ပါသည်။

၁၆။      အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့်အကြောင်းအရာများမှာ ဒေါ်ခင်ဖြူသက်မှ ဆွေးနွေး ရာတွင် ၂၀၁၅ခုနှစ် မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးဝါးဥပဒေ ပြဋ္ဌာန်းထားသည်ကို သိရ ပါကြောင်း၊ သို့သော် ယင်းဥပဒေအား လေ့လာရန်အတွက် ဌာနတွင် ဥပဒေစာအုပ်မရှိကြောင်း၊ ယင်းဥပဒေအား လက်တွေ့လိုက်နာကျင့်သုံးဆောင်ရွက်ခြင်းမရှိကြောင်း၊ လုပ်ငန်းကိစ္စများကို ရုံးချုပ်ကချမှတ်သော မူဝါဒများအတိုင်းသာ ဆောင်ရွက်နေကြောင်း၊ အကိုးအကား ဥပဒေများ အဖြစ် မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီဥပဒေနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးများ ဥပဒေ တို့ကိုသာ အသုံးပြုကြောင်း၊ ယနေ့ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေး ဦးစီး ဌာန ဦးစီးမှူး၏ တာဝန်ပေးချက်အရ တက်ရောက်ရခြင်းဖြစ်ကြောင်းတို့ကို မိတ်ဆက် ဆွေးနွေး ပါသည်။

 

၁၇။      ပူးပေါင်းကော်မတီဝင်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြား ဆွေးနွေးရာတွင် ၂၀၁၅ခုနှစ် မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးဝါးဥပဒပြေဋ္ဌာန်းထားသည်ကို သိရှိသော်လည်း မလေ့လာဖူး၊ မဖတ်ဖူးကြောင်း၊ ယင်းဥပဒေအရ ဖွဲ့စည်းရမည့် တိုင်းဒေသကြီး တိုင်းရင်းဆေးဝါး ဦးဆောင်ကော်မတီ ကိုလည်း ဖွဲ့စည်းထားခြင်းမရှိသေးကြောင်း၊ တိုင်းရင်းဆေးဝါး မှတ်ပုံတင် ခြင်းနှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခြင်း၊ လိုင်စင်လျှောက်ထားခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စ ရပ်များကို ဗဟိုမှဖွဲ့စည်းပေးသည့် ကော်မတီဖြင့်သာ ဆောင်ရွက်နေကြောင်း၊ ယင်းကော်မတီတွင် ကော်မတီ ဥက္ကဋ္ဌအဖြစ် တိုင်းဒေသကြီး ဦးစီးဌာနမှူး တိုင်းရင်းဆေးဝါးဦးစီးဌာနမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အဖွဲ့ဝင်များအဖြစ် တိုင်းကျန်းမာ ရေးဦးစီးဌာနမှ (၁)ဦး၊ တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ(၁)ဦး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ(၁)ဦးနှင့် အတွင်းရေးမှူးအဖြစ် ကော်မတီ ဥက္ကဋ္ဌ တာဝန်ပေးအပ်သည့် တိုင်းရင်းဆေးမှူး (၁) ဦး စုစုပေါင်း(၅)ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံတိုင်းရင်း ဆေးဝါးဥပဒေကို ပြင်ဆင်နိုင်ရန်အတွက် ရုံးချုပ်မှ လုပ်ဆောင် နေကြောင်း၊ စံမမီဆေးဝါးများကို စစ်ဆေးရာတွင် ရုံးချုပ်မှနမူနာ ကောက်ယူခိုင်းသော ဆေး(၅)မျိုး၊ (၁၀)မျိုးကို ဈေးကွက်အတွင်းမှကောက်ယူ၍ ရုံးချုပ်သို့ ပေးပို့စစ်ဆေးခြင်းသာရှိကြောင်း၊ တိုင်း ဒေသကြီးအဆင့်ဖြင့် ဆောင်ရွက်ခြင်းမျိုးမရှိကြောင်း၊ ၂၀၁၅ခုနှစ် မန္တလေးတိုင်းဒေသကြီး တိုင်း ရင်းဆေးဝါးဥပဒေအရ မန္တလေးတိုင်းဒေသကြီးအတွင်း တိုင်းရင်းဆေးဝါး ကုန်ကြမ်းနှင့် တိုင်းရင်းဆေးဝါးရောင်းချခြင်းများအပေါ် ခွင့်ပြုပေးနိုင်ခြင်း၊ ငြင်းပယ်နိုင်ခြင်းစသည့် ကိစ္စရပ် များကို မသိရှိသည့်အတွက် လက်ရှိတွင် တိုင်းရင်းဆေးဝါးကုန်ကြမ်း ရောင်းချသူများအား ခွင့်ပြု ချက်ချထားပေးခြင်းမျိုး မရှိကြောင်း၊ ဤဥပဒေနှင့်ပတ်သက်၍ စည်းကမ်းဖောက်ဖျက်မှုများ၊ ဥပဒေ ချိုးဖောက်မှုများကို အရေးယူဆောင်ရွက်ရခြင်းမျိုး မရှိသေးကြောင်း၊ အခွင့်အခါကြုံ၍ တင်ပြလိုသည်မှာ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးဦးစီးဌာန ရုံးမြေနေရာမရှိသည့်အတွက် အောင်မြေသာစံမြို့နယ် တိုင်းရင်းဆေးဦးစီးမှူးရုံးတွင် တိုင်း/ခရိုင်/မြို့နယ် ရုံး(၃)ခုပေါင်း၍ ကြပ် တည်းစွာ ရုံးထိုင်နေရပါသဖြင့် ရုံးနေရာအခက်အခဲအား ကော်မတီမှတဆင့် အစိုးရသို့ တင်ပြ ပေးစေလိုပါကြောင်း ပြန်လည်ဖြကြေား ဆွေးနွေးပါသည်။

၁၈။      ပူးပေါင်းကော်မတီဝင်များ၏ အကြံပြုဆွေးနွေးချက်များမှာ ၂၀၁၅ခုနှစ်၊ မန္တလေးတိုင်း ဒေသကြီး တိုင်းရင်းဆေးဝါးဥပဒေကို လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သည့်အတွက် လက်တွေ့လိုက်နာ ကျင့်သုံးဆောင်ရွက်စေလိုကြောင်း၊ ယင်းဥပဒေအရ ဖွဲ့စည်းရမည့် တိုင်းဒေသ ကြီးတိုင်းရင်းဆေးဝါး ဦးဆောင်ကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူရမည့်အပြင် ကော်မတီ၏ ရုံးလုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက်ရမည့် ဦးစီးဌာနအနေဖြင့် ဦးဆောင် ကော်မတီဖွဲ့စည်းနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအား တိုက်တွန်းဆောင်ရွက်သင့်ကြောင်း၊ ဥပဒေကိုလက်တွေ့လိုက်နာကျင့်သုံးခြင်း မပြုသည့်အတွက် ကော်မတီ၏ လုပ်ပိုင်ခွင့်များကို မသိ ရှိဘဲ စံမမီဆေးဝါးများအား ကြီးကြပ်စစ်ဆေး အရေးမယူ နိုင်ခြင်း၊ တိုင်းရင်းဆေးဝါးကုန်ကြမ်းနှင့် ရောင်းချခွင့်များအား တရားဝင်ခွင့်ပြုပေးနိုင်ခြင်း စသည့် အကြောင်းအရာများကြောင့် ဤဥပဒေကို သေချာစွာလေ့လာဆန်းစစ်သုံးသပ်၍ လက်တွေ့လိုက်နာ ကျင့်သုံးစေလိုကြောင်း တိုက်တွန်းခြင်း၊ ထိုသို့ လိုက်နာကျင့်သုံးမှသာ ဥပဒေ၏ အားသာချက်၊ အားနည်းချက်များနှင့် လက်တွေ့နှင့် ကွာဟ ချက်များကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ ရုံးမြေနေရာနှင့် ပတ်သက်၍ ကော်မတီအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်ကြောင်းတို့ကို အကြံပြုဆွေးနွေးကြ ပါသည်။

၁၉။      ကျန်ရှိသည့် အစည်းအဝေးရက်များအတွင်း ယခင်ပြုလုပ်ခဲ့သည့် အစည်းအဝေး ဆောင် ရွက်ချက် များနှင့် ဆုံးဖြတ်ချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ ပူးပေါင်း ကော်မတီ၏ အပြီးသတ် အစီရင်ခံစာကို ရေးသားခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

သုံးသပ်ချက်နှင့် အကြံပြုချက်များ   

၂၀။      ၂၀၁၈ခုနှစ်၊ သြဂုတ်လ(၁၆)ရက်နေ့တွင် မတ္တရာမြို့နယ်သို့ သွားရောက်၍ ဒေသခံတိုင်းရင်း သားများနှင့်တွေ့ဆုံရန်ရှိသော်လည်း လွှတ်တော်ဥက္ကဋ္ဌမှ ခွင့်ပြုခြင်းမရှိပါသဖြင့် သွားရောက် နိုင် ခြင်းမရှိပါ။ ပူးပေါင်းကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၈)ဦး၊ ပြည်ခိုင်ဖြိုးပါတီမှ (၂)ဦး၊ ဒီမိုကရက်တစ်ပါတီမြန်မာမှ (၁)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၂)ဦးဖြင့် ဖွဲ့စည်းထားပါသည်။ (လွှတ်တော်ဥက္ကဋ္ဌ၏ မှတ်ချက်မှာ ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်း သားလွှတ်တော် ကိုယ်စားလှယ် ရွေးကောက်ပွဲရှိသဖြင့် မဲဆွယ်စည်းရုံးခြင်း ဖြစ်မည်စိုး၍ ကွင်း ဆင်းခြင်းကို ခွင့်မပြုနိုင် ကြောင်းဖြစ်ပါသည်)

၂၁။      ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှ ပြဋ္ဌာန်းထားခဲ့သည့် ဥပဒေများအနက် ပူးပေါင်းကော်မတီမှ လေ့လာသုံးသပ်ရန် တာဝန်ယူရသည့်-

(က)     မန္တလေးတိုင်းဒေသကြီး ရုပ်ရှင်ရုံနှင့် ဗွီဒီယိုရုံဥပဒေ (၂၀၁၄ခုနှစ်)

(ခ)       မန္တလေးတိုင်းဒေသကြီး ပြတိုက်နှင့် စာကြည့်တိုက်များဥပဒေ (၂၀၁၄ခုနှစ်)

(ဂ)       မန္တလေးတိုင်းဒေသကြီး ဇာတ်ရုံဆိုင်ရာဥပဒေ (၂၀၁၄ခုနှစ်)

(ဃ)     မန္တလေးတိုင်းဒေသကြီး ဓာတ်ပုံ၊ပန်းချီ၊ ပန်းပုပြပွဲများဥပဒေ (၂၀၁၄ခုနှစ်)

(င)       မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေးဝါးဥပဒေ (၂၀၁၅ခုနှစ်)

(စ)       မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေ (၂၀၁၅ ခုနှစ်)စသည့် ဥပဒေ(၆)ခုကို လေ့လာဆန်းစစ်ချက်များပြုလုပ်ခဲ့ပါသည်။ ယင်းတို့အနက် မန္တလေး တိုင်း ဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေနှင့် မန္တလေးတိုင်း ဒေသကြီး တိုင်းရင်းဆေးဝါး ဥပဒေတို့ကို ပြင်ဆင်ဖြည့်စွက်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအား ခေါ်ယူတွေ့ဆုံ မေးမြန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ ယင်းဥပဒေများဟာ သက်ဆိုင်ရာ တိုင်းဒေသ ကြီး အစိုးရဌာနများမှ လက်တွေ့လိုက်နာကျင့်သုံးရန် လိုအပ်နေကြောင်း တွေ့ရှိရပါ သည်။ အမှန် တကယ် လိုက်နာကျင့်သုံး မှသာ ဥပဒေ၏ အားနည်းချက်၊ အားသာချက် လက်တွေ့ လုပ်ဆောင် ရာတွင် ကြုံတွေ့ရမည့် အခက်အခဲ များကို သိရှိနိုင်မည်ဖြစ်ပါသည်။ ဥပဒေများတွင် ပြင်ဆင်ရမည့် အကြောင်းအရာမှာ ဝန်ကြီးဌာနများ ပြောင်းလဲဖွဲ့စည်းခြင်းကြောင့်ဖြစ်ပေါ်လာသည့် စကားရပ် အသုံးအနှုန်းများသာ တွေ့ရှိရပြီး အခြားဥပဒေ အပေါ် အကျိုးသက်ရောက်မည့် ကိစ္စများကို မတွေ့ ရှိရပါ။ ထို့ကြောင့် ကော်မတီမှ အကြံပြုလိုသည်မှာ ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှ ပြဋ္ဌာန်းခဲ့သည့် ဥပဒေများကို တိုင်းဒေသကြီး အစိုးရ ဌာနများမှ လက်တွေ့လိုက်နာ ကျင့်သုံးရန် အကြံပြုတင်ပြလိုပါသည်။

၂၂။       အခြားကျန်ရှိသည့်ဥပဒေများကို ပူးပေါင်းကော်မတီမှ လေ့လာဆန်းစစ်ခဲ့ကြသော်လည်း သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရဌာနများကို ခေါ်ယူမေးမြန်းတွေ့ဆုံခြင်း မပြုလုပ်ခဲ့ပါ။ ၎င်း ဥပဒေများကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရဌာနများမှ လက်တွေ့လိုက်နာကျင့်သုံး ဆောင်ရွက်စေလိုကြောင်း ထပ်ဆင့် တိုက်တွန်းအပ်ပါသည်။

နိဂုံး

၂၃။      သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီနှင့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီတို့မှ ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်က ပြဋ္ဌာန်းခဲ့သော ဥပဒေ၊ နည်း ဥပဒေများ ပြင်ဆင်ဖြည့်စွက်နိုင်ရေးကိစ္စနှင့် ပတ်သက်၍ အထူးအလေးထား ဆောင်ရွက်ခဲ့ပါ ကြောင်း တင်ပြအပ်ပါသည်။

 

ဥက္ကဋ္ဌ                                                            ဥက္ကဋ္ဌ

သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ            တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ 

မန္တလေးတိုင်းဒေသကြီးလွှတ်တော်                       မန္တလေးတိုင်းဒေသကြီးလွှတ်တော်

 

 

 

 

 

 

ဖတ်ရှုရန် Download Download

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ၏ ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ၏

ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာ

နိဒါန်း

၁။        ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျင်းပသော သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ (၁၃.၉.၂၀၁၈) ရက်နေ့မှ (၁၄.၉.၂၀၁၈) ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးခြင်း ဖြစ်ပါသည်။

ရည်ရွယ်ချက်

၂။         ပုပ္ပါးတောင်၏ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းရန်နှင့် ကောင်းမွန်သော ဂေဟစနစ် ဖြစ်ပေါ်စေရန် ရည်ရွယ်ပါသည်။

အသေးစိတ်တင်ပြချက်

၃။        ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပုပ္ပါး ရွှေသရဖူ ဟိုတယ်၌ လိုင်စင်ဖြင့် ကျောက်ထုတ်လုပ်ခြင်းလုပ်ငန်းများ လုပ်ကိုင်နကြေသော ကျောက်ထုတ် လုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်များ၏ ရှင်းလင်းတင်ပြချက်များ၊ လိုအပ်ချက်များ၊ အခက်အခဲများကို ကြားနာပါသည်။ (၁၄.၉.၂၀၁၈) ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၌ ညောင်ဦး ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး၊ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး (မြေစာရင်း)၊ မြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူတို့နှင့် တွေ့ဆုံပြီး မြိုင်သာယာအဆိုပြုကာကွယ်တောအတွင်း စီးပွားဖြစ်ကျောက် ထုတ်လုပ်နေမှု အခြေအနေများကို ဆွေးနွေးကြပါသည်။ ထို့နောက် ကျောက်ပုံတောင် (မြိုင်သာယာ အဆိုပြု ကာကွယ်တော)တွင် တရားဝင်/ တရားမဝင် ကျောက်ထုတ်လုပ်နေကြသော အခြေ အနေများနှင့် ကြက်မောက်တောင်ဆည်တွင် လက်ရှိပကတိအခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။

၄။        တွေ့ရှိချက်များအနေဖြင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းတွင် တိုင်းဒေသကြီးအစိုးရသို့ သတ်မှတ်သည့် အခွန်များပေးဆောင်၍ တရားဝင်လုပ်ကိုင်နေကြသော ကျောက်ထုတ်လုပ်ရေး လုပ်ငန်းရှင် (၂၄)ဦး တွေ့ရှိခဲ့ပါသည်။၎င်းလုပ်ငန်းရှင်များအနေဖြင့် ခွင့်ပြုမိန့်လိုင်စင်သက်တမ်းမှာ ၂၀၁၈ခုနှစ်၊ ဇူလိုင်လတွင် ကုန်ဆုံးပြီးဖြစ်သဖြင့် ဆက်လက်ခွင့်ပြုလိုင်စင် ရရှိရေးအတွက် ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှတဆင့် ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် သက်တမ်းတိုးအမှုတွဲများ တင်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြပါသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လမ်းခင်းကျောက် ထုတ်လုပ် ကြရာတွင် ကျောက်ကျင်း တစ်ကျင်းကို (၂၅၀၀)ကျပ်နှုန်းဖြင့် အခွန် ပေးသွင်းခဲ့ကြကြောင်း တွေ့ရှိခဲ့ရပါသည်။ကော်မတီအနေဖြင့် စစ်ဆေးစဉ်ကာလတွင် သက်တမ်း တိုးခွင့်ပြုလိုင်စင် မရရှိသေးသော်လည်း ယခုအချိန်တွင် လိုင်စင်ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း ကြားသိရပါသည်။ တရားဝင်လုပ်ကိုင်နေသူ (၂၄)ဦးတွင် တစ်နှစ်စာအတွက် ကျောက်ကျင်းရေ အနည်းဆုံးပမာဏ ကျင်း(၂၅၀)နှင့် အများဆုံးပမာဏ ကျင်း(၁၀၀၀)အတွက် အခွန်အခများ ပေးသွင်းခဲ့ကြောင်း သိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးချက် အရ တစ်နှစ်စာအတွက် ထိုသို့ ပေးသွင်းခဲ့ခြင်းမှာ လက်ရှိအချိန်တွင် ထုတ်လုပ်သော အခြေအနေနှင့် နှိုင်းစာပါက အင်မတန် နည်းပါးသော ပမာဏဖြစ်၍ နိုင်ငံတော်အတွက် အခွန်အခရရှိမှုမှာ နည်းပါးနေ၍ နိုင်ငံတော် အတွက် နစ်နာနေကြောင်း တွေ့ရှိရပါသည်။

၅။        တရားဝင်ခွင့်ပြုလိုင်စင်ရ လုပ်ငန်းရှင် (၂၄) ဦးနှင့် တွေ့ဆုံဆွေးနွေးမှုနှင့် ကွင်းဆင်း စစ်ဆေးချက်များအရ တရားမဝင် လမ်းခင်းကျောက်ထုတ်လုပ်သူမှာ (၇၀)ဦးကျော်ခန့်ရှိပြီး တရားဥပဒေလိုက်နာမှု အားနည်းနေကြောင်း တွေ့ရှိရပါသည်။ ထိုကဲ့သို့ တရားဥပဒေ လိုက်နာမှုမရှိခြင်း၊ စည်းမဲ့ကမ်းမဲ့ လုပ်ကိုင်နေခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်ကို ကြီးမားစွာ ထိခိုက်ပျက်စီးစေသည့်အပြင် နိုင်ငံတော်အတွက် ရသင့်သည့် အခွန်အခများ လုံးဝမရရှိသဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားစွာ ပျက်စီးနေကြောင်း တွေ့ရှိရပါသည်။

၆။        မြိုင်သာယာအဆိုပြုကာကွယ်တောသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ သစ်တော ရေးရာ ဝန်ကြီးဌာန၏ ၁၉၉၉ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် ရက်စွဲပါ အမိန့်ကြေညာ စာအမှတ်(၁၃၃/၉၉) ဖြင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အကျယ်အဝန်း (၃၉၂၅)ဧက (၆.၁၃)စတုရန်းမိုင်ခန့်ရှိ နယ်မြေကို သဘာဝပတ်ဝန်းကျင် ဇီဝမျိုးကွဲများ ထိန်းသိမ်းရန်အလို့ငှါ သစ်တောဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံးလျက် မြိုင်သာယာ ကြိုးပြင်ကာကွယ်တော အဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၁၈ခုနှစ်အထိ ကြားကာလ (၁၉)နှစ်တိုင်အောင် အဆိုပြုကာကွယ် တောအဖြစ် ဖွဲ့စည်းနိုင်ခြင်းမရှိခြင်းကြောင့် မြေအသုံးချ မှုများ ပြောင်းလဲမှုရှိခဲ့ပါသည်။ (၁၈.၉.၂၀၁၇) ရက်နေ့ ရက်စွဲပါစာအမှတ် ၆၄၆/မယ (၂၀၁၇) မြိုင်သာယာကြိုးပြင် ကာကွယ်တောအဖြစ် တိုးချဲ့ ဖွဲ့စည်းရန်အတွက် ကျောက်ပန်းတောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ပြန်ကြားချက်အရ အဆိုပြုဧက (၃၉၂၅)မှ ကျောက်ပန်းတောင်း- မိတ္ထီလာ လမ်းဘေးရှိ ယာ၊ မြေ၊ လမ်းမြေဧက (၅၀၀)ကို ချန်လှပ်၍ အဆိုပြု ကြိုးပြင်ကာကွယ်တော (၃၄၂၅)ဧကကို အတည်ပြုခဲ့ ကြောင်းသိရှိရပါသည်။၎င်းကြိုးပြင် ကာကွယ်တောအတွင်းတွင် ကွင်းဆင်းစစ်ဆေးစဉ်အချိန်၌ တရားဝင်ကျောက်ထုတ်လုပ်လုပ်ငန်း လုပ်ကိုင်နေကြသော လုပ်ငန်းရှင်(၂၄)ဦးမှာ ပါဝင်ခြင်းမရှိဘဲ တရားမဝင် (၇၀)ဦးကျော်ခန့် လုပ်ကိုင်နေကြသဖြင့် ရတနာတန်းဝင်ပင် များပြားစွာ ပေါက်ရောက်သော သစ်တောများ ပြုန်းတီးခြင်း၊ သဘာဝပတ်ဝန်းကျင် ဇီဝမျိုးကွဲများပျက်စီးခြင်း၊ လမ်းခင်းကျောက်ကောင်းများ မတွေ့မခြင်း ကျောက်တောင်များကို စက်ယန္တရားများဖြင့် ခွင့်ပြုချက်မရှိဘဲ ဖြိုချခြင်းများကြောင့် တောတောင်များ မလိုအပ်ဘဲ ပျက်စီးခြင်း၊ ကျောက်ကွင်းများအတွင်းသို့ဝင်ရောက်ရန် လမ်း ကြောင်းများ ဖောက်လုပ်ခြင်းကြောင့် သစ်တောဧရိယာများစွာ ပျက်စီးခြင်း၊ ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ်မှု အရေအတွက်များပြားနေသဖြင့် တရားဥပဒေဘောင်အတွင်းမှ ထိန်းသိမ်းရန် ပျက်ကွက်မှုများကြောင့် အဂတိလိုက်စားမှုများ ဖြစ်ပေါ်လာနိုင်ပြီး အုပ်ချုပ်ရေးမှူးများ၏ စစ်ဆေး ကြပ်မတ်မှုအားနည်းနေကြောင်း တွေ့ရှိရပါသည်။

၇။        အဆိုပါ အဆိုပြုကာကွယ်တောတွင် တရားဝင် တိုင်းဒေသကြီးအစိုးရထံသို့ အခွန်အခ ပေးဆောင်၍ လုပ်ကိုင်နေသော ကျောက်ထုတ်လုပ်ငန်းရှင် (၂၄)ဦးအပြင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီးဌာနသို့ တရားဝင်အခွန်အခ ပေးဆောင်၍ လုပ်ကိုင်နေသော မြတ်နိုးသူ ဆောက်လုပ်ရေးကုမ္ပဏီလည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။၎င်းကုမ္ပဏီသည် ကျောက်ပန်းတောင်း- မိတ္ထီလာ – ညောင်ဦး လမ်းပိုင်းတွင်ြ.ဥ.ွှ စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ပါသည်။၎င်းကုမ္ပဏီထုတ်လုပ်နေသော ကျောက်ကွင်းနေရာ သည် အဆိုပြုကာကွယ်တော ကြိုးပြင်ကာကွယ်တောအတွင်း ပါဝင် လျက် ရှိခြင်း၊ ဌာနလွဲမှား၍ အခွန်အခ ပေးဆောင်နခြေင်း၊ လက်ရှိအချိန်တွင်ြ.ဥ.ွှ စနစ်ဖြင့် ခွင့်ပြုချက် ရထားသော ကုမ္ပဏီ ဖြစ်သော်လည်းကျောက်ထုတ်ခွင့် လိုင်စင်သက်တမ်းတိုး မရရှိခြင်းတို့ ဖြစ်ပေါ် လျက်ရှိပါသည်။ ထို့ကြောင့်၎င်းကုမ္ပဏီအားကြိုးပြင်ကာကွယ်တောအတွင်း မပါဝင်သောမြေနေရာ တွင် တိုင်းဒေသကြီး အစိုးရသို့ တရားဝင်အခွန်အခများ ပေးဆောင်စေ၍ သက်တမ်းတိုးလိုင်စင် ခွင့်ပြုသင့်ကြောင်း တွေ့ရှိ ရပါသည်။

၈။        ၁၉၆၆-၁၉၆၇တွင် တည်ဆောက်ပြီးစီးခဲ့သော ကြက်မောက်တောင်ဆည်သည် သိုလှောင် နိုင်သည့် ရေပမာဏ(၇၃၁၀၀)ဧကရှိပါသည်။ ဆည်ရေပေးနိုင်သည့်ဧရိယာမှာ လက်ရှိ (၂၂၇၆၅) ဧက ခန့် ရှိပါသည်။ သို့သော် ရေဆင်းဧရိယာ (၁၃၈.၉၈)စတုရန်းမိုင်မှာ ကြိုးပြင်ကာကွယ် တော အတွင်း ကျရောက်လျက်ရှိပါသည်။ အဓိကရေဝင်ချောင်းဖြစ်သော ကျောက်ပုံချောင်းလည်း အပါ အဝင် ဖြစ်ပါသည်။ အဆိုပါ ရေဆင်းဧရိယာများအတွင်းတွင် တရားမဝင်ကျောက် ထုတ်လုပ်ခြင်း များကြောင့် ဆည်အတွင်း နုံးပို့ခြင်း၊ ဆည်ကောခြင်းများ ဖြစ်ပေါ်လျက်ရှိသောကြောင့် နှစ်စဉ် ရေဝင်ပမာဏ နည်းပါးလာသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် စိုက်ပျိုးရေပေးဝေနိုင်မှု နည်းပါး လာသဖြင့် ယခင်က မိုးစပါး၊ နွေစပါး ဧက(၂၀၀၀၀)ခန့် စိုက်ပျိုးနိုင်ခဲ့ကြသော်လည်း ယခုအခါ စိုက်ပျိုးဧကမှာ (၇၀၀၀)ခန့် သာ စိုက်ပျိုးနိုင်သဖြင့် ရေပေးဝေနိုင်မှု မရှိခြင်းက ဒေသခံ တောင်သူ လယ်သမားများ၏ စားဝတ်နေရေး နှင့် စီးပွားရေးကို ကြပ်တည်းစေကာ ဆင်းရဲမွဲတေမှု ပိုမို များပြားလာစေပါသည်။

အကြံပြုချက်

၉။     (က)       သဘာဝပတ်ဝန်းကျင်ကိုဆိုးရွားစွာထိခိုက်သောစက်ယန္တရားကြီးများဖြင့်ဆောင်                        ရွက်နေသော ကျောက်ထုတ်လုပ်ရေး လုပ်ငန်းများအား လုံးဝ (လုံးဝ) ရပ်ဆိုင်း ရန်၊

(ခ)       ဒေသခံပြည်သူများအတွက် အလုပ်အကိုင်ဖန်တီးမှု ဖြစ်ပေါ်စေရန် ပုပ္ပါးတောင် နယ်မြေနှင့် ဆက်စပ်သော သစ်တောဌာနမှ အသုံးပြုထား သည့် ကာကွယ်တော များနှင့် လွတ်ကင်း သောနေရာများတွင် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု အနည်း ဆုံးဖြစ်သော တနိုင်တပိုင် ကျောက်ခွဲ လုပ်ငန်းများကို စိစစ်ခွင့်ပြုရန်၊

(ဂ)       သက်ဆိုင်ရာဌာနများအနေဖြင့် မိမိတို့ဌာနအလိုက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ဖွယ်ရှိသည်များကို အချိန်နှင့်တပြေးညီ အရေးယူ ဆောင်ရွက်ခြင်း မရှိ၊   ထိရောက်သောအုပ်ချုပ်ရေး သက်ရောက်မှုမရှိသည့် အနေအထားမျိုး တိုးတက် ဖြစ်ပေါ်လာနေပြီး အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူ များအား ပိုမိုထိရောက်သော ကြပ်မတ် ကွပ်ကဲမှု ဆောင်ရွက်ပေးရန်၊

(ဃ)     ပုပ္ပါးတောင်အနီးတဝိုက် ပတ်ဝန်းကျင်သစ်တောဖုံးလွှမ်းသည့် မည်သည့်နေရာတွင် မဆိုမြေလွတ်၊ မြေလပ်၊ မြေရိုင်းများလျှောက်ထားမှု ခွင့်မပြုရန် နှင့် ခွင့်ပြုပြီး အကောင်အထည်မဖော်ရသေးသည့်နေရာများကို ပြန်လည်ရယူပြီး မှားယွင်းစွာ လုပ်ငန်းလုပ်ဆောင်နေမှုများကို ထိရောက်စွာ အရေးယူရန်၊

(င)       သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ကာကွယ်နိုင်ရန်အတွက် မြိုင်သာယာအဆိုပြု                 ကာကွယ်တောကို ကြိုးပြင်ကာကွယ်တောအဖြစ် အမြန်ဆုံးခွင့်ပြုပေးစေလိုခြင်း၊

(စ)       သဘာဝပတ်ဝန်းကျင်ကို အလွန်အမင်းထိခိုက်နေသောကြောင့် ကျောက်ထုတ်လုပ် နေသူများက ကျောက်ကောင်းမတွေ့မခြင်း စမ်းသပ်ရှာဖွေမှု များကို အမြန်ဆုံး တားမြစ်စေခြင်း၊

(ဆ)      တရားဝင် ခွင့်ပြုလိုင်စင်ရထားသော ကျောက်ထုတ်လုပ်နေသူများအနဖြေင့် တရားဝင်ခွင့် ပြုထားသော ဧရိယာအတွင်း၌သာ ထုတ်လုပ်စေခြင်း၊

နိဂုံး

၁၀။      သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ၏ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးမှု အခြေအနေအား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ် ပါသည်။

 

 

ဥက္ကဋ္ဌ

                             သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ

                                                          မန္တလေးတိုင်းဒေသကြီးလွှတ်တော်

ဖတ်ရှုရန် Download Download

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာ

နိဒါန်း
၁။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို (၈.၂.၂၀၁၆) ရက်နေ့ တွင် စတင်ကျင်းပခဲ့ရာ ယခု ဆဌမပုံမှန်အစည်းအဝေး ကျင်းပချိန်တွင် (၁)နှစ်နှင့် (၄)လကျော် ကာလ ရောက် ရှိခဲ့ပြီး ဖြစ်ပါသည်။ ၎င်း (၁)နှစ်နှင့် (၄)လအတွင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ ဆောင်ရွက်ချက် များကို လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီမှ ယခုကျင်းပသော ဆဌမပုံမှန် အစည်းအဝေး သို့ အစီအရင်ခံစာ တင်သွင်း ခြင်းဖြစ်ပါသည်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဖွဲ့စည်းခြင်း
၂။ ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကို-
(က) မြို့နယ် (၁) မြို့နယ်လျှင် (၂)ဦးကျစီ ရွေးကောက်တင်မြှောက်သည့် ၅၆ဦး
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ
(ခ) ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ ၁ဦး
(ဂ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း ၁၉ဦး
တင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်
စုစုပေါင်း ၇၆ဦး
တို့ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၁၊ ပုဒ်မခွဲ(က)၊ (ခ)နှင့် (ဃ)တို့ အရ ဖွဲ့စည်းထားပါသည်။
အစည်းအဝေးများကျင်းပဆောင်ရွက်ခြင်း
၃။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏-
(က) ပထမပုံမှန်အစည်းအဝေး (၈.၂.၂၀၁၆) မှ (၅.၄.၂၀၁၆) ထိ
(ခ) ဒုတိယပုံမှန်အစည်းအဝေး (၁၃.၆.၂၀၁၆) မှ (၁၄.၆.၂၀၁၆) ထိ
(ဂ) အထူးအစည်းအဝေး(၁/၂၀၁၆) (၃၀.၆.၂၀၁၆) မှ (၁.၇.၂၀၁၆) ထိ
(ဃ) တတိယပုံမှန်အစည်းအဝေး (၂၀.၉.၂၀၁၆) မှ (၂၈.၉.၂၀၁၆) ထိ
(င) အရေးပေါ်အစည်းအဝေး (၈.၁၂.၂၀၁၆) မှ (၉.၁၂.၂၀၁၆) ထိ
(စ) စတုတ္ထပုံမှန်အစည်းအဝေး (၁၅.၁၂.၂၀၁၆) မှ (၁၃.၁.၂၀၁၇) ထိ
(ဆ) ပဉ္စမပုံမှန်အစည်းအဝေး (၂၉.၃.၂၀၁၇) မှ (၅.၄.၂၀၁၇) ထိ
ပုံမှန်အစည်းအဝေးများ (၅)ကြိမ်၊ အထူးအစည်းအဝေး (၁)ကြိမ်၊ အရေးပေါ် အစည်းအဝေး (၁)ကြိမ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
လွှတ်တော်ကော်မတီများ ဖွဲ့စည်းခြင်း
၄။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ရေးရာကော်မတီ (၁၄)ခုဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။ ၎င်းကော်မတီများမှာ-
(က) ဥဒေပြုရေးဆိုင်ရာကော်မတီ (၇)ဦး
(ခ) တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ (၇) ဦး
(ဂ) လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ (၇) ဦး
(ဃ) ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ (၇) ဦး
(င) ပြည်သူ့ရေးရာကော်မတီ (၇) ဦး
(စ) ပြည်သူ့ငွေစာရင်းသုံးစွဲမှု စိစစ်ရေးကော်မတီ (၇) ဦး
(ဆ) စိုက်ပျိုးရေးနှင့်မွေးမြူရေးကော်မတီ (၇) ဦး
(ဇ) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ (၇) ဦး
(ဈ) လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေးကော်မတီ (၇) ဦး
(ည) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကော်မတီ (၇) ဦး
(ဋ) သာသနာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (၇) ဦး
(ဌ) စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ (၇) ဦး
(ဍ) ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီ (၇) ဦး
(ဎ) အစိုးရအာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကော်မတီ (၁၀) ဦး
တို့ဖြစ်ပါသည်။
ဥပဒေများပြဋ္ဌာန်းခြင်း
၅။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်သည် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၈၈၊ ဇယား(၂)ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်းပါဥပဒေ (၂)ခုကို အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ၎င်းဥပဒေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ပြည်ပဧည့်သည်များ လာရောက်တွေ့ဆုံမှုအခြေအနေ
၆။ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးလာရောက်ကြသည့် နိုင်ငံခြားဧည့်သည်တော်များ မန္တလေးတိုင်းဒေသ ကြီးသို့ ရောက်ရှိမှုခရီးစဉ်တွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်အဖွဲ့မှ ရင်းနှီးချစ်ကြည်စွာ ဧည့်ခံတွေ့ဆုံ ခဲ့ပါသည်။ ၎င်းဧည့်ခံတွေ့ဆုံမှုများမှာ-
(က) (၂၆.၈.၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် UNDP မှ အဖွဲ့ခေါင်းဆောင် Mr. Nail Johston တို့ တွေ့ဆုံဆွေးနွေးခြင်း၊
(ခ) (၉.၉.၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် UNDP မှ အဖွဲ့ခေါင်းဆောင် Mr. Philipp တို့ တွေ့ဆုံဆွေးနွေးခြင်း၊
(ဂ) (၁၉.၁၀.၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် UNDP မှ အဖွဲ့ခေါင်းဆောင် Mr. Philipp တို့ တွေ့ဆုံဆွေးနွေးခြင်း၊
(ဃ) (၂၀.၁၀.၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးမှ အဖွဲ့ခေါင်းဆောင် Mr. Sean R. Smith တို့တွေ့ဆုံ ဆွေးနွေး ခြင်း၊
(င) (၁၁.၁၀၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် NDI နှင့် IRI အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခြင်း၊
(စ) (၂၄.၅.၂၀၁၇) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် NDI အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခြင်း။
လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်တွင်း/ ပြည်ပလေ့လာရေးခရီးစဉ်
၇။ မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ကျင်းပချိန်နှင့် လွှတ်တော်ခေတ္တနားချိန်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ လေ့လာသိရှိရန် ပြည်တွင်း/ ပြည်ပ လေ့လာရေး ခရီး သွားရောက်ခဲ့ကြပါသည်။ သွားရောက်လေ့လာခဲ့ကြသော ခရီးစဉ်များမှာ-
(က) (၂၈.၃.၂၀၁၆) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော လွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် မင်းဂံရွာ မြစ်ရေတင်စီမံကိန်းသို့ သွားရောက်လေ့လာခြင်း၊
(ခ) (၁၈.၆.၂၀၁၆) မှ (၂၂.၆.၂၀၁၆) ထိ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ဟောင်ကောင်သို့ လေ့လာ ရေးခရီး သွားရောက်ခြင်း၊
(ဂ) (၁၂.၈.၂၀၁၆) မှ (၁၇.၈.၂၀၁၆) ထိ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာ စိုးသန်းနှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ် (၆)ဦးတို့သည် အိန္ဒိယနိုင်ငံ၊ အစားအစာ၊ သီးနှံထုတ်လုပ်ရေးလုပ်ငန်းစဉ်နှင့် နို့ထွက်ပစ္စည်း (FDA-2016)ဆိုင်ရာ နိုင်ငံတကာ ထိပ်သီး အစည်းအဝေးသို့ လေ့လာရေးခရီး သွားရောက်ခြင်း၊
(ဃ) (၃.၅.၂၀၁၇) မှ (၁၀.၅.၂၀၁၇) ထိ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နှင့် လွှတ်တော်ရုံးဝန်ထမ်း အကြီးအမှူးတို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ ပီကင်းမြို့နှင့် ကွမ်ကျိုးမြို့သို့ လေ့လာရေးခရီးသွားရောက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲများတက်ရောက်မှုအခြေအနေ
၈။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည် မြင့်မား ရေးအတွက် အောက်ပါအတိုင်း ဆွေးနွေးပွဲနှင့် သင်တန်းများ တက်ရောက်ခဲ့ကြပါသည်-
(က) (၁၁.၅.၂၀၁၆) မှ (၁၃.၅.၂၀၁၆) ထိ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ် သုံးသပ် ရေးကော်မရှင်မှ ကြီးမှူးကျင်းပသည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်လုပ်ငန်းခွင် ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌအပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၅၄)တို့ တက်ရောက် ခဲ့ခြင်း၊
(ခ) (၂၁.၅.၂၀၁၆) မှ (၂၂.၅.၂၀၁၆) ထိ ဘဏ္ဍာရေးဆိုင်ရာသင်တန်းသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌအပါအဝင် လွှတ်တော် ကိုယ်စားလှယ် (၆၁)တို့ တက်ရောက်ခြင်း၊
(ဂ) (၆.၆.၂၀၁၆) မှ (၁၀.၆.၂၀၁၆) ထိ လွှတ်တော်အသီးသီးနှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်မှ ကြီးမှူးကျင်းပသည့် ခေါင်းဆောင်မှုနှင့် ပညာရပ်ပိုင်းဆိုင်ရာများ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ရေးရာကော်မတီ၊ အတွင်းရေးမှူးများနှင့် လွှတ်တော်ရုံး အကြီးအမှူး အပါအဝင် (၁၅)တို့ တက်ရောက်ခဲ့ခြင်း၊
(ဃ) (၁၅.၆.၂၀၁၆) မှ (၁၇.၆.၂၀၁၆) ထိ လွှတ်တော်အသီးသီးနှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်မှ ကြီးမှူးကျင်းပသည့် Leadership seminar သို့တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ခြင်း၊
(င) (၂၅.၆.၂၀၁၆) မှ (၁၆.၆.၂၀၁၆) ထိ ဥပဒေပြုရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင် လွှတ်တော် ကိုယ်စားလှယ် (၆၄)တို့ တက်ရောက်ခဲ့ခြင်း၊
(စ) (၂၁.၇.၂၀၁၆) ရက်နေ့တွင် ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသ ကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၅၀)တို့တက် ရောက်ခြင်း၊
(ဆ) (၁၆.၁၁.၂၀၁၆) မှ (၁၈.၁၁.၂၀၁၆) ထိ UNDP မှကြီးမှူးကျင်းပသည့် ICT အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၅၄)တို့ တက်ရောက် ခဲ့ခြင်း၊
(ဇ) (၂၂.၁၁.၂၀၁၆) မှ (၂၃.၁၁.၂၀၁၆) ထိ UNDP မှကြီးမှူးကျင်းပသည့် ဖက်ဒရယ်စနစ်အကြောင်း အလုပ်ရုံ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင် လွှတ်တော် ကိုယ်စားလှယ် (၅၆)တို့ တက်ရောက်ခဲ့ခြင်း၊
(ဈ) (၂၈.၁၁.၂၀၁၆) မှ (၂၉.၁၁.၂၀၁၆) ထိ The Asia Foundation မှကြီးမှူးကျင်းပသည့် ပြည်သူ့ ဘဏ္ဍာစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၅၆)တို့ တက်ရောက်ခဲ့ခြင်း၊
(ည) (၂၅.၅.၂၀၁၇) ရက်နေ့တွင် FAO နှင့် LIFT တို့မှ ကြီးမှူးကျင်းပသည့် စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှုမဟာဗျူဟာ (တတိယမူကြမ်း) အလုပ်ရုံဆွေးနွေးပွဲသို့ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်(၁၀)ဦးတို့ တက်ရောက် ခဲ့ခြင်း။
တိုင်ကြားစာနှင့် အသနားခံစာများအပေါ် ဆောင်ရွက်မှုအခြေအနေ
၉။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့ တိုင်းဒေသကြီးအတွင်းမှ ပြည်သူများက (၈.၂.၂၀၁၆)ရက်နေ့မှ (၁၆.၆.၂၀၁၇)ရက်နေ့ထိ ပေးပို့သော တိုင်ကြားစာများမှာ (၁၂၅၄)စောင်ရှိပြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးပို့သည့် တိုင်ကြားစာ(၆၂)စောင်၊ တိုင်းဒေသကြီး တရား လွှတ်တော်သို့ လွှဲပြောင်းပေးပို့သည့် တိုင်ကြားစာ(၁)စောင်၊ တိုင်ကြားသူထံအကြောင်းပြန်ကြားခြင်း ဆောင် ရွက်ပြီး (၂၀၇)စောင်နှင့် လေ့လာစိစစ်ဆောင်ရွက်ဆဲ တိုင်ကြားစာ (၉၁၁)စောင်ဖြစ်ပါသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုတင်သွင်းမှုအခြေအနေ
၁၀။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးများတွင် လွှတ်တော် ကိုယ်စား လှယ်များ၏ အဆိုတင်သွင်းမှုများမှာ အထူးအစည်းအဝေး (၁/၂၀၁၆)တွင် အဆို(၁)ခု တင်သွင်းခဲ့ပြီး ယင်း အဆိုကို အတည်ပြုခဲ့ပါသည်။ စတုတ္ထပုံမှန်အစည်းအဝေးတွင် အဆို(၅)ခု တင်သွင်းပြီး၊ ပဉ္စမပုံမှန် အစည်းအဝေးတွင် အဆို(၁)ခု တင်သွင်းခဲ့ပြီး အတည်ပြုခဲ့ပါသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းမေးမြန်းမှုအခြေအနေ
၁၁။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးများတွင် လွှတ်တော် ကိုယ်စား လှယ်များ၏ မေးခွန်းများ မေးမြန်းမှုအခြေအနေများမှာ ဒုတိယပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း (၅၁)ခု၊ ကြယ်ပွင့်မပြမေးခွန်း (၈)ခု၊ မေးခွန်းပေါင်း(၅၉)ခု၊ အထူးအစည်းအဝေး (၁/၂၀၁၆)တွင် ကြယ်ပွင့်ပြ မေးခွန်း(၂၇)ခု၊ ကြယ်ပွင့်မပြမေးခွန်း(၈)ခု၊ မေးခွန်းပေါင်း(၃၅)ခု၊ တတိယပုံမှန် အစည်းအဝေး တွင် ကြယ် ပွင့်ပြမေးခွန်း (၁၁၇)ခု၊ ကြယ်ပွင့်မပြမေးခွန်း(၃၉)ခု၊ မေးခွန်းပေါင်း (၁၅၆)ခု၊ စတုတ္ထပုံမှန် အစည်း အဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၉၃)ခု၊ ကြယ်ပွင့်မပြမေးခွန်း(၁၅)ခု၊ မေးခွန်းပေါင်း(၁၀၈)ခု၊ ပဉ္စမပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၉၇)ခု၊ ကြယ်ပွင့်မပြမေးခွန်း(၅၉)ခု၊ မေးခွန်းပေါင်း (၁၅၆)ခု၊ စုစုပေါင်း ကြယ်ပွင့်ပြမေးခွန်း (၃၈၅)ခုနှင့် စုစုပေါင်း ကြယ်ပွင့်မပြမေးခွန်း(၁၁၄)ခု မေးမြန်းခဲ့ကြပါသည်။

သုံးသပ်အကြံပြုချက်
၁၂။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးများတွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းဖြေဆိုမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(က) ဒုတိယပုံမှန်အစည်းအဝေး
(၁) ကြယ်ပွင့်ပြမေးခွန်း ၅၁ခု
(၂) လွှတ်တော်တွင်ဖြေကြားမှု ၂၄ခု
(၃) ကြယ်ပွင့်ပြ စာဖြင့်ဖြေကြားမှု ၂၇ခု
(ခ) အထူးအစည်းအဝေး (၁/၂၀၁၆)
(၁) ကြယ်ပွင့်ပြမေးခွန်း ၂၇ခု
(၂) လွှတ်တော်တွင်ဖြေကြားမှု ၂၁ခု
(၃) ကြယ်ပွင့်ပြ စာဖြင့်ဖြေကြားမှု ၆ခု

(ဂ) တတိယပုံမှန်အစည်းအဝေး
(၁) ကြယ်ပွင့်ပြမေးခွန်း ၁၁၇ခု
(၂) လွှတ်တော်တွင်ဖြေကြားမှု ၈၀ခု
(၃) ကြယ်ပွင့်ပြ စာဖြင့်ဖြေကြားမှု ၃၇ခု
(ဃ) အရေးပေါ်အစည်းအဝေး (၁/၂၀၁၆)
ကြယ်ပွင့်ပြမေးခွန်းနှင့် ကြယ်ပွင့်မပြမေးခွန်းများ မေးမြန်းခြင်းမရှိပါ။
(င) စတုတ္ထပုံမှန်အစည်းအဝေး
(၁) ကြယ်ပွင့်ပြမေးခွန်း ၉၁ခု
(၂) လွှတ်တော်တွင်ဖြေကြားမှု ၉၁ခု
(၃) ကြယ်ပွင့်ပြ စာဖြင့်ဖြေကြားမှု –
(စ) ပဉ္စမပုံမှန်အစည်းအဝေး
(၁) ကြယ်ပွင့်ပြမေးခွန်း ၉၇ခု
(၂) လွှတ်တော်တွင်ဖြေကြားမှု ၉၇ခု
(၃) ကြယ်ပွင့်ပြ စာဖြင့်ဖြေကြားမှု –
၁၃။ အထက်ပါအချက်အလက်များအရ ကြယ်ပွင့်ပြမေးခွန်းများကို လွှတ်တော်အစည်းအဝေးတွင် ဖြေကြားရမည့်အစား တတိယပုံမှန်အစည်းအဝေးအထိ စာဖြင့်ဖြေကြားခဲ့သည်ကို တွေ့ရှိရပါသည်။ လွှတ်တော်ကိုယ်စားလှယ်များကလည်း ၎င်းတို့၏ ကြယ်ပွင့်ပြမေးခွန်းများကို လွှတ်တော် အစည်းအဝေးများ တွင်သာ ပြန်လည်ဖြေကြားစေလိုကြပါသည်။ စတုတ္ထပုံမှန်အစည်းအဝေးမှ စတင်၍ ကြယ်ပွင့်ပြ မေးခွန်း များကို လွှတ်တော်အစည်းအဝေးတွင်သာ ဖြေကြားပေးလျက်ရှိကြောင်း တွေ့ရှိရပါသည်။
၁၄။ လွှတ်တော်ကိုယ်စားလှယ်များ၏ ကြယ်ပွင့်ပြမေးခွန်းများကို လွှတ်တော်အတွင်း ပြန်လည် ဖြေကြားရာတွင် တချို့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအနေဖြင့် မေးသည့်မေးခွန်းနှင့် ဖြေသည့် အဖြေများမှာ ကိုက်ညီမှုနှင့်ပြည့်စုံမှုမရှိကြောင်း၊ ဆောင်ရွက်မည့်လုပ်ငန်းစဉ်နှင့် အချိန်များမပါရှိကြောင်း တွေ့ရသဖြင့် ပြည့်စုံစွာဖြေကြားနိုင်ရေး လွှတ်တော်ဥက္ကဋ္ဌကြီးမှ ကြီးကြပ်ထိန်းညှိပေးနိုင်ပါရန် အကြုံပြု တင်ပြအပ်ပါသည်။
၁၅။ ဥပဒေပြုရေးလုပ်ငန်းနှင့်ပတ်သက်၍ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်သက်တမ်း မှာ (၁)နှစ်နှင့်(၄)လကျော်ရှိပြီးဖြစ်သော်လည်း ဥပဒေ(၂)ခုသာလျှင် ပြင်ဆင်ပြဋ္ဌာန်း ပေးနိုင်သေးကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများ၏အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်ရန် လိုအပ်သည့် ဥပဒေများကို အသစ်ရေးဆွဲပြဋ္ဌာန်းခြင်း၊ ပြင်ဆင်သင့်သည့် ဥပဒေများရှိပါက ပြင်ဆင်ခြင်း၊ ပယ်ဖျက် သင့်သည့်ဥပဒေများကို ပယ်ဖျက်ခြင်းလုပ်ငန်းများကို လွှတ်တော်ရေးရာကော်မတီအသီးသီးက ကော်မတီ လုပ်ငန်းတာဝန်များအလိုက် သက်ဆိုင်ရာဥပဒေများကို ရေးဆွဲနိုင်ရေး ဆောင်ရွက်သင့်ပါသည်။
၁၆။ တိုင်းဒေသကြီးလွှတ်တော်လုပ်ငန်းများ အောင်မြင်ရေးအတွက် လွှတ်တော်ရေးရာကော်မတီ(၁၄)ခု ဖွဲ့စည်းတာဝန်ပေးထားပါသည်။ ၎င်းကော်မတီများက ယခုထက်ပိုမိုထိရောက်စွာ လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် လွှတ်တော်အနေဖြင့် ဦးဆောင်ပါဝင်ဆောင်ရွက်စေလိုခြင်း၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ များနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ လိုအပ်သော လုပ်ပိုင်ခွင့်နှင့် အခွင့်အလမ်းများ ပံ့ပိုးပေးခြင်းများ ဆောင်ရွက်ပေးသင့်ပါသည်။
၁၇။ လွှတ်တော်ရေးရာကော်မတီများသည် ကော်မတီ၏လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးလွှတ်တော်ရုံးတွင် အနည်းဆုံး(၁)လ (၁) ကြိမ် တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသင့်ပါသည်။
၁၈။ ပြည်ပနိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းများက မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့ လေ့လာရေး ခရီးများ ဖိတ်ခေါ်ပါက သက်ဆိုင်ရာရေးရာကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ အချိုးကျ ပါဝင် လိုက်ပါစေခြင်းနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကိုပါ လိုက်ပါနိုင်ရန် ဆောင်ရွက်ပေးသင့် ပါသည်။
၁၉။ လွှတ်တော်ကိုယ်စားလှယ်များ အရည်အသွေးပိုမိုမြင့်မားတိုးတက်စေရေးအတွက် အင်္ဂလိပ်စကား ပြောရက်တို သင်တန်းများကို အခါအားလျော်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်ရန် အကြံပြုတင်ပြအပ်ပါသည်။

ဥက္ကဋ္ဌ
လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ
မန္တလေးတိုင်းဒေသကြီးလွှတ်တော်
ရက်စွဲ ၊ ၂၀၁၇ ခုနှစ် ၊ ဇွန်လ ရက်

ဖတ်ရှုရန် Download Download

ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီ၏ အစီရင်ခံစာ

ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီ၏ အစီရင်ခံစာ

နိဒါန်း

၁။        ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ် ပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝယ်ယူထားသည့်စက်ယန္တရား (၄၅)စီးဖြင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအလိုက် ကျေးလက်ဒေသ ကျေးရွာချင်းဆက်လမ်း များ ဖောက်လုပ်ပေးနိုင်ရန် ဤအစီရင်ခံစာ ရေးသားတင်ပြရခြင်းဖြစ်ပါသည်။

လုပ်ငန်းဆောင်ရွက်ချက်များ

၂။         ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီမှ ကျေးလက်လမ်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး လမ်းဦးစီးဌာနနှင့် စက်ယန္တရား(မြောက်) လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ (၅.၆.၂၀၁၈)၊ (၁၅.၆.၂၀၁၈)၊ (၂၃.၈.၂၀၁၈)၊ (၁၄.၉.၂၀၁၈)၊ (၁၇.၉.၂၀၁၈)နှင့် (၂၁.၉.၂၀၁၈) နေ့များတွင် ညှိနှိုင်းအစည်းအဝေး (၆)ကြိမ် ပြုလုပ်၍ လုပ်ငန်းများစတင် အကောင်အထည်ဖော် နိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

စတင်ဆောင်ရွက်မည့် ဦးစားပေးမြို့နယ်များသတ်မှတ်ခြင်း

၃။        ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအရ အောက်ပါအတိုင်း ဦးစားပေး ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်-

(က)     ပထမဦးစားပေးဆောင်ရွက်မည့်မြို့နယ်များ

(၁) မြင်းခြံမြို့နယ်

(၂) ကျောက်ပန်းတောင်းမြို့နယ်

(၃) တံတားဦးမြို့နယ်

(ခ)       ဒုတိယဦးစားပေးဆောင်ရွက်မည့်မြို့နယ်များ

(၁) နွားထိုးကြီးမြို့နယ်

(၂) ညောင်ဦးမြို့နယ်

(၃) ကျောက်ဆည်မြို့နယ်

(ဂ)       တတိယဦးစားပေးဆောင်ရွက်မည့်မြို့နယ်များ

(၁) တောင်သာမြို့နယ်

(၂) ငါန်းဇွန်မြို့နယ်

(၃) ပုသိမ်ကြီးမြို့နယ်

 

စက်ယန္တရားများပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်မှု

၄။        ပထမဦးစားပေးဆောင်ရွက်မည့် မြို့နယ်များဖြစ်သော မြင်းခြံမြို့နယ်၊ ကျောက်ပန်းတောင်း မြို့နယ်နှင့် တံတားဦးမြို့နယ်များသို့ အောက်ပါစက်ယန္တရား (၇)စီးစီဖြင့် (၃)မြို့နယ်ခွဲ၍စေလွှတ် ဆောင်ရွက်မည်ဖြစ်ပါသ ည်။

(က)     Dump Truck               (၃)စီးစီ

(ခ)       Back Hole                   (၁)စီးစီ

(ဂ)       Excavator                    (၁)စီးစီ

(ဃ)     Bulldozer                    (၁)စီးစီ

(င)       Water  Bowzer           (၁)စီးစီ

လုပ်ငန်းဆောင်ရွက်သည့်အချိန်ကာလသတ်မှတ်ခြင်း

၅။        တစ်မြို့နယ်လျှင် (၃)လထက်မပိုသော လုပ်ငန်းများသာ ခွင့်ပြုဆောင်ရွက်မည်ဖြစ်ပြီး သတ်မှတ် ကာလထက် ကျော်လွန်သုံးစွဲပါက တစ်ရက်လျှင်ဒီဇယ်ဆီ (၅၀)ဂါလံ ပေးဆောင်၍ အဆိုပါဆီများကို ကော်မတီမှ တာဝန်ယူထိန်းသိမ်းဆောင်ရွက်ရန်ဖြစ်ပါသည်။ စက်များ တစ်မြို့နယ်မှ တစ်မြို့နယ်သို့ ပြောင်းရွှေ့ရာတွင် လုပ်ငန်းဆောင်ရွက်သည့်မြို့နယ်မှ ကုန်ကျဆီ အားကျခံသုံးစွဲရန်ဖြစ်ပါသည်။ စက်ယန္တရားအသုံးပြုမှုကိုလည်း ပူးတွဲပါလုပ်ငန်း ဆောင်ရွက်မှု ဇယား အားလုံးတွင် မှတ်တမ်းရေးသွင်း ဆောင်ရွက်မည်ဖြစ်ပါသည်။

 

ကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်း

၆။        ကျေးလက်လမ်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကြီးကြပ်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးကျေးလက်လမ်းလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်ကျေးလက် လမ်းလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန် ပေးအပ် နိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိခဲ့ပါသည်-

(က)     တိုင်းဒေသကြီးကျေးလက်လမ်းလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ

(၁) ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌ           ဥက္ကဋ္ဌ

(၂) ကော်မတီဝင်(၆)ဦး (ပို့/ ဆက်/ ဆောက်ကော်မတီ)                                   အဖွဲ့ဝင်

(၃) ဦးစီးအရာရှိ (စက်မှု)၊ တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးဌာန              အဖွဲ့ဝင်

(၄) ဦးစီးအရာရှိ (စက်မှု)၊ တိုင်းဒေသကြီးလမ်းဦးစီးဌာန                    အဖွဲ့ဝင်

(၅) တိုင်းဦးစီးမှူး၊ တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးဌာန                        တွဲဖက်

အတွင်းရေးမှူး

(၆) ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးလမ်းဦးစီးဌာန              အတွင်းရေးမှူး

(ခ)       မြို့နယ်ကျေးလက်လမ်းလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ

(၁) သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်                          ဥက္ကဋ္ဌ

(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်                                            အဖွဲ့ဝင်

(၃) မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ မြို့နယ်အထွေထွေ                         အဖွဲ့ဝင်

အုပ်ချုပ်ရေးဦးစီးဌာန

(၄) လက်ထောက်ညွှန်ကြားရေးမှူး၊ သက်ဆိုင်ရာမြို့နယ်လယ်ယာမြေ   အဖွဲ့ဝင်

စီမံခန့်ခွဲရေးနှင့် စာရင်အင်းဦးစီးဌာန

(၅) ဦးစီးအရာရှိ၊ သက်ဆိုင်ရာမြို့နယ်လမ်းဦးစီးဌာန                                  အဖွဲ့ဝင်

(၆) ဦးစီးအရာရှိ (မြို့ပြ)၊ သက်ဆိုင်ရာကျေးလက်လမ်းဦးစီးဌာန     အတွင်းရေးမှူး

လုပ်ငန်းများစတင်ဆောင်ရွက်မည့်နေ့ရက်သတ်မှတ်ခြင်း

၇။        ကျေးလက်လမ်းလုပ်ငန်းများကို ပထမဦးစားပေးမြို့နယ်များဖြစ်သည့် မြင်းခြံမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် တံတားဦးမြို့နယ်များသို့ (၂၅.၉.၂၀၁၈) နေ့မှစ၍ စက်ယန္တရားများ ပေးပို့၍ လုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ပါသည်။

ကျေးလက်အားကစားကွင်းဖော်ဆောင်ပေးခြင်း

၈။        ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်သည့် ကျေးရွာများတွင် ကျေးလက် အားကစား ကွင်း(၁)ခုစီကိုလည်း အစိုးရအဖွဲ့မှ စက်သုံးဆီအကုန်ကျခံ၍ စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ပါ သည်။

နိဂုံး

၉။        ကျေးလက်ဒေသကျေးရွာချင်းဆက်လမ်းများ ကောင်းမွန်၍ ကျေးလက်နေပြည်သူများ လူနေမှု အဆင့်အတန်း မြင့်မားလာစေရန်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက် ယန္တရားများ စိုက်ထုတ်ပေးပြီး ကျေးရွာပြည်သူများမှ ကုန်ကျဆီများကျခံ၍ ဆောင်ရွက်မည့် လမ်းလုပ်ငန်းများကို ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီအနေဖြင့် အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ ကြီးကြပ်မှုများဖြင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

 

 

 

ဥက္ကဋ္ဌ

                                                ပို့ဆောင်ရေး၊ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီ

ဖတ်ရှုရန် Download Download

စိုက်ပျိုးရေး၊မွေးမြူရေးကော်မတီ၏ လေ့လာရေးတွေ့ရှိချက်အစီရင်ခံစာ

စိုက်ပျိုးရေး၊မွေးမြူရေးကော်မတီ၏ လေ့လာရေးတွေ့ရှိချက်အစီရင်ခံစာ

နိဒါန်း

၁။        ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ကျင်းပ သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကော်မတီ၏အစည်းအဝေး ဆုံးဖြတ်ချက်အရလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်ကြီးမြို့နယ် ကြူဝန်းကျေးရွာရှိ “ရိတ်သိမ်းချိန်လွန်” နည်းပညာသင်တန်းကျောင်းနှင့် မြို့မရပ်ကွက်ရှိ “မျိုးစပါးသန့်စင်မှုဌာန” ၊ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ ရေ၊ မြေဓာတ်ခွဲခန်း၊ မဟာအောင်မြေမြို့နယ် မျိုးစေ့ဌာနများသို့ (၁၃.၉.၂၀၁၈) နေ့တွင် မြေပြင်အခြေအနေ ကွင်းဆင်းလေ့လာခြင်းဖြစ်ပါသည်။

၂။         စိုက်ပျိုးရေးနှင့်မွေးမြူရေးကော်မတီမှ ကွင်းဆင်းလေ့လာ တွေ့ရှိချက်များအား လုပ်ငန်းရှင်၊ အများပြည်သူနှင့် တောင်သူလယ်သမားများ သိရှိစေရန်နှင့် အဆိုပါလုပ်ငန်းများ ဖွံဖြိုးတိုးတက် အောင် လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။

ကွင်းဆင်းလေ့လာရေးခရီးစဉ်နှင့် တွေ့ရှိချက်များ

၃။        မန္တလေးတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေးနှင့်မွေးမြူရေးကော်မတီသည် (၁၃.၉.၂၀၁၈)  ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ကြီးမြို့နယ် ကြူဝန်းကျေးရွာရှိ “ရိတ်သိမ်း ချိန်လွန်” နည်းပညာသင်တန်းကျောင်းနှင့် မြို့မရပ်ကွက်ရှိ “မျိုးစပါးသန့်စင်မှုဌာန” ၊ ချမ်းမြ သာစည်မြို့နယ်အတွင်းရှိ ရေ၊ မြေဓာတ်ခွဲခန်း၊ မဟာအောင်မြေမြို့နယ် မျိုးစေ့ဌာနများသို့ (၁၃.၉.၂၀၁၈) နေ့တွင်မြေပြင် အခြေအနေကွင်းဆင်း လေ့လာခဲ့ပါသည်။ ယခုအစီရင်ခံစာတွင် (၁၃.၉.၂၀၁၈) ရက်နေ့ ခရီးစဉ်ကွင်းဆင်းတွေ့ရှိချက်များ ကိုတင်ပြသွားပါမည်။  (၁၃.၉.၂၀၁၈) ရက် နေ့ ပုသိမ်ကြီးမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေမြို့နယ်တို့တွင် ကွင်းဆင်း ဆောင်ရွက်ရာ အောက်ပါပုဂ္ဂိုလ်များ ပါဝင်ခဲ့ပါသည်-

(က)     ဦးမြင့်ဆွေ                                  အမရပူရမြို့နယ်                         ဥက္ကဋ္ဌ

မဲဆန္ဒနယ်(၂)

(ခ)       ဦးရဲမင်းဦး                                 ပုသိမ်ကြီးမြို့နယ်                                   အဖွဲ့ဝင်

မဲဆန္ဒနယ်(၂)

 

(ဂ)       ဦးစိုးမင်းထက်                           ဝမ်းတွင်းမြို့နယ်                                    အဖွဲ့ဝင်

မဲဆန္ဒနယ်(၂)

(ဃ)     ဦးတင်မြင့်ဆွေ                           သပိတ်ကျင်းမြို့နယ်                               အဖွဲ့ဝင်

မဲဆန္ဒနယ်(၂)

(င) ဗိုလ်မှူးနေလင်းရှိန်              တပ်မတော်သား                                    အဖွဲ့ဝင်

လွှတ်တော်ကိုယ်စားလှယ်

၄။        ကွင်းဆင်းလေ့လာရေးခရီးစဉ်တွင် ပုသိမ်ကြီးမြို့နယ်၊ ကြူဝန်းကျေးရွာရှိ “ရိတ်သိမ်း ချိန်လွန်”နည်းပညာသင်တန်းကျောင်း၊ မြို့မရပ်ကွက်ရှိ “မျိုးစပါးသန့်စင်မှုဌာန” ၊ PH ပါဝင်မှုကို တိုင်းတာသည့် ဓာတ်ခွဲခန်း၊ မြေအောက်ရေတိုင်းတာသည့် ဓာတ်ခွဲခန်း၊ တစ်နိုင်ငံလုံးရှိ စပါး၊ပဲ စသည့်မျိုးစေ့များ ဓာတ်ခွဲစမ်းသပ်နိုင်သည့် သန့်စင်မှုကို ထောက်ခံပေးသည့် မျိုးစေ့ဓာတ်ခွဲခန်း များအား ကွင်းဆင်းလေ့လာခဲ့ကြပါသည်။ ကျွန်တော်တို့လေ့လာခဲ့သည့် နေရာများအားလုံးအား လုပ်ငန်းရှင်၊ အများပြည်သူနှင့် တောင်သူလယ်သမားများအား သိရှိစေရန် အဆိုပါလုပ်ငန်းများ ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။ (၁၃.၉.၂၀၁၈)ရက်နေ့ နံနက်(၈)နာရီ အချိန်တွင် လွှတ်တော်ရုံးမှ လွှတ်တော်ရုံးကားဖြင့် စတင်ထွက်ခွာခဲ့ကြရာ ပုသိမ်ကြီးမြို့နယ်၊ ကြူဝန်းကျေးရွာသို့ (၈)နာရီ (၂၅)မိနစ်အချိန်တွင် ရောက်ရှိခဲ့ကြပါသည်။ “ရိတ်သိမ်းချိန်လွန်” နည်းပညာသင်တန်းကျောင်းသည် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင် ပြည်နယ်တို့တွင် ရှိသည့် တောင်သူလယ်သမားများကို သင်တန်းပေးလေ့ရှိပြီး သင်တန်းသားဦးရေ စုစုပေါင်း (၇၀၀၀)ကျော်ခန့် သင်ကြားပေးခဲ့ပြီဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ သင်တန်းပို့ချသည့် ဆရာ၊ ဆရာမများမှာP.H.D ဘွဲ့ရဆရာ၊ဆရာမများဖြစ်ကြပြီး သင်တန်းကျောင်းသည် စာသင် ဆောင်၊ စားဖိုဆောင်များနှင့် သင်တန်းကျောင်း အင်္ဂါရပ်များနှင့် ပြည့်စုံသော ကျောင်းတစ်ခု ဖြစ်ပြီး ကျွန်တော်တို့အား ကျောင်းတာဝန်ခံပုဂ္ဂိုလ်က (Power Point) များနှင့် ရှင်းလင်းပြသ ပါသည်။

၅။        သီးနှံများရိတ်သိမ်းပြီးပါက စျေးကွက်အတွင်းသို့ ပို့ရန်အတွက် ဦးစွာအဆင့်ဆင့် ဓာတ်ခွဲ စမ်းသပ်၊ ထုပ်ပိုးမှုများပြုလုပ်ပြီး ( export ) လုပ်ရကြောင်း၊ ဓာတ်ခွဲစမ်းသပ်သည့်အခါ  သီးနှံ၏ အရည်အသွေးနှင့် သက်ဆိုင်သည့် စက်များဖြင့် စမ်းသပ်ပြီး ပိုးမွှားပါဝင်မှု ရှိ/မရှိ စစ်ဆေးရကြောင်း သိရှိရပါသည်။ ထိုသို့သန့်ရှင်းသော သီးနှံများအား (heat)ရေပူနှင့်ဖြတ်ကာ စနစ်တကျ ဆေးကြော အခြောက်ခံပြီးမှ ထုတ်ပိုးခြင်းလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်ပါသည်။ သီးနှံ ( size ) အရွယ်အစားခွဲခြားရာတွင် အရပ်ခေါ် ဇကာနှင့်ခွဲခြားကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။ ထို့ပြင် ပြည်သူတွေအတွက် အင်မတန်မှ အသုံးဝင်သည့် “ကြယ်ပဲ” အရွက်အား ရေဆေး၊ ပိုးမွှား သန့်စင် ပြီး အခြောက်ခံစက်နှင့် အခြောက်ခံပြီးလျှင် ပလပ်စတစ်အိတ် အကြည်အိတ်နှင့် စနစ်တကျ ထုတ်ပိုး၍ လက်ဖက်ခြောက်အဖြစ် အသုံးပြုကြောင်းသိရှိရပါသည်။

၆။        “ကြယ်ပဲ” လက်ဖက်ခြောက်သည် သွေးတိုး၊ သွေးကျခြင်းများ၊ သွေးညီညွတ်အောင် ပြုလုပ်ပေးခြင်းများ၊ အစာအိမ်နှင့် အူမကြီးရောဂါများအတွက် အထူးသင့်လျော်ကောင်းမွန်ကြောင်း တွေ့ရှိရပါသည်။ ထို “ကြယ်ပဲ” လက်ဖက်ခြောက်အား ပြည်သူတွေအတွက်သာမက နိုင်ငံခြား ပို့ကုန်ဖြစ်စေရန်အတွက်ပါ ကြိုးစားထုတ်လုပ်နေကြောင်း  တွေ့ရှိရပါသည်။ ထို့ပြင် “ကြယ်ပဲ” မှထွက်ရှိသော အရည်ကိုလည်း (pure test) ဖြစ်အောင် အရည်အသွေးသန့်စင်ထားပြီး ကျွန်တော် တို့ ကိုယ်တိုင်လည်း မြည်းစမ်းကြည့်ခဲ့ပါသည်။ FDA ရရှိမှုကိုလည်း ကြိုးစားနေကြောင်း တွေ့ရှိရ ပါသည်။ FDA ရခဲ့လျှင် စျေးကွက်တွင် ရောင်းချရန် အသင့်ဖြစ်နေသည့် အနေအထားသို့ ရောက်ရှိ နေကြောင်းလည်း လေ့လာခဲ့ရပါသည်။

၇။        “ရိတ်သိမ်းချိန်လွန်” နည်းပညာသင်တန်းကျောင်းတွင် စိုက်ပျိုးထားသည့် သီးနှံအများစု မှာ ကျွဲကော၊ စိန်တစ်လုံးသရက်၊ ထိုင်ဝမ်မှလာသည့် ငရုတ်မျိုးစေ့များကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထားပြီး ကျွဲကောသီး၊ လိမ္မော်သီးများ၏ သန့်စင်မှုလုပ်ငန်းများကို Korea နိုင်ငံမှလာသည့် စက်အမျိုးမျိုးနှင့် အပူပေးခြင်း၊ ဖျော်ရည်ပြုလုပ်ပုံအဆင့်ဆင့်ကို သင်တန်းကျောင်းက ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။ ထိုဖျော်ရည်များကို အဓိကပို့ကုန်အဖြစ် နိုင်ငံခြား ကို ထုတ်ပိုးပြီးပို့နေကြောင်းသိရှိရပါသည်။ နောင်အနာဂတ် အလားအလာတွင် “ ရိတ်သိမ်း ချိန်လွန်” နည်းပညာသင်တန်းကျောင်းမှ ထွက်ရှိလာမည့် စားသောက်ကုန်များကို နိုင်ငံ တစ်ဝန်းတွင် နည်းပညာဖြန့်ဝေပြီး စနစ်တကျဆောင်ရွက်မည်။ FDA မှခွင့်ပြုချက်လည်း ရမည် ဆိုလျှင် စျေးကွက်တွင်သန့်ရှင်းသော နိုင်ငံတကာအဆင့်မီ စားသုံးရန်အသင့်ဖြစ်သည့် ပစ္စည်းများ ရရှိလာမည်ဟု ကျွန်တော်တို့အနေနဲ့ လေ့လာတွေ့ရှိခဲ့ရပါသည်။  “ရိတ်သိမ်းချိန်လွန်” နည်းပညာ သင်တန်းကျောင်းမှာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လက်အောက်တွင်ရှိပြီး (Korea) မှ စက်ပစ္စည်းများနှင့် တည်ထောင်ပေးသည့် စက်ရုံတစ်ခုလည်းဖြစ်ကြောင်း သိရှိရ ပါသည်။ သင်တန်းကျောင်း တာဝန်ရှိသူမှ ကျွန်တော်တို့ လေ့လာရေးကိုယ်စားလှယ်အဖွဲ့ကို လက်တွေ့ စက်လည်ပတ်မှုများ၊ ကျွန်တော်တို့မသိသော နည်းပညာများနှင့် မမြင်ဖူးသေးသည့် ထုတ်ပိုးမှုများကို စိတ်ရှည်လက်ရှည် လိုက်လံပြသခဲ့ကြပါသည်။

၈။        “ရိတ်သိမ်းချိန်လွန်” နည်းပညာသင်တန်းကျောင်းမှ ၁၁:၃၀ အချိန်တွင် ပြန်လည်ထွက်ခွာ လာရာ နေ့လည် ၁၂:၃၀ အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်ရှိ “ စပါးမျိုးသန့်စက်ရုံ” သို့ရောက်ရှိခဲ့ပါသည်။ ထိုစက်ရုံသည် အစိုးရထံမှ ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်းထားသည့် စက်ရုံတစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များအား ကုမ္ပဏီမှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ၎င်းတို့ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ပုံ “ လက်ကမ်းစာစောင်” များပေး ပါသည်။ စက်ရုံ၏အဓိကလုပ်ငန်းမှာ စပါးများကိုမျိုးသန့်စင်ပေးခြင်း ဖြစ်ပါသည်။ သို့သော် စပါးမျိုးကို ရာခိုင်နှုန်းပြည့် သန့်စင်ဆောင်ရွက်နိုင်ခြင်း မရှိပါ။ အရွယ်အစားကိုသာ ခွဲခြားနိုင် ပါသည်။ ထို့ပြင် စပါးမျိုးစေ့တွင် စပါးအနီရောင်ကဲ့သို့သော ဆန်နီများကို သန့်စင်နိုင်ခြင်း မရှိသေး ကြောင်း တွေ့ရှိရပါသည်။ ထိုမျိုးသန့်စင်စက်ရုံသည် ရွှေဘို၊ ကျောက်ဆည်ကဲ့သို့သော နယ်မြို့များမှ နယ်ပေါင်းစုံလာရောက်ပြီး မျိုးသန့်စင်ခြင်းလုပ်ငန်းများ၊ မျိုးစပါးများဝယ်ယူခြင်းလုပ်ငန်းများ စသည်တို့ကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

၉။        ထိုကုမ္ပဏီသည် စပါးများအားသုတေသနပြုလုပ်ပြီး စိုက်ခင်းများစိုက်ပျိုးထားသည် ကိုလည်း တွေ့ရှိရပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများကို စပါးများ၏(great) အလိုက်မျိုးစပ်ပြီး မျိုးပွားထားခြင်းများလည်း တွေ့ရပါသည်။ မျိုးစပ်ခြင်းလုပ်ငန်းမှာလည်း အရည်အသွေးစနစ်အရ အဆင့်မီစွာ ဆောင်ရွက်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။ ဖော်ပြပါ ကုမ္ပဏီအနေဖြင့် စိုက်ပျိုး ရေးစပါးများကို ဈေးကွက်ဖြန့်ချိနိုင်သည့် အဆင့်ရောက်ရှိအောင် ဆောင်ရွက်ဆဲဖြစ်ပြီး ပြီးမြောက် ခြင်းမရှိသေးပါ။ အထူးပြောကြားလိုသည်မှာ ဒေသတွင်းတောင်သူများ စိုက်ပျိုးနေသည့် စပါးမျိုး များ ဥပမာ- ရွှေသွယ်ရင်၊ မနောသုခ၊ ဧရာပဒေသာ၊ မဂျမ်းတော စသည့်စပါးမျိုးများကို အထူး သန့်စင်ပေးလျက် ရှိပါကြောင်း တွေ့ရှိရပါသည်။

၁၀။      “စပါးမျိုးသန့်စက်ရုံ” မှပြန်လည်ထွက်ခွာလာရာ ချမ်းမြသာစည်မြို့နယ် “ ရေ၊ မြေ ဓာတ်ခွဲ ခန်း” သို့ ညနေ ၃:၀၀ နာရီအချိန်တွင် သွားရောက်လေ့လာခဲ့ကြပါသည်။ ထိုဓာတ်ခွဲခန်းတွင် မြေကြီးနှင့် ရေတွင် PH ပါဝင်မှုများ အား ဓာတ်ခွဲစမ်းသပ်နိုင်ပြီး မြေကြီးကို ဓာတ်ခွဲလိုပါက မိမိ စိုက်ပျိုးမည့်သီးနှံကို ဖော်ပြကာ မြေကြီး (၅၀) သားခန့် ယူဆောင်သွားရမည်ဖြစ်ကြောင်း သိရှိ ရပါသည်။ ဥပမာ- ထိုမြေပေါ်တွင် မြေပဲစိုက်ပျိုးမည်ဆိုပါက နိုက်ထရိုဂျင်၊ ပရိုတင်း၊ ကယ်လ်စီယမ် စသည့် မြေပဲအတွက် လိုအပ်မည့် ဓာတ်မြေသြဇာများအား သိရှိနိုင်ကြောင်း၊ နိုက်ထရိုဂျင် လိုအပ်နေလျှင် နိုက်ထရိုဂျင်ပါသည့် ဓာတ်မြေသြဇာနှင့် ကယ်လ်စီယမ်ပါသည့် ဓာတ်မြေသြဇာ ကျွေးရန်လိုအပ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ လေ့လာတွေ့ရှိများနှင့် ပတ်သက်၍ မိမိတို့ ဒေသတွင်ရှိသော တောင်သူများအား စိုက်ပျိုးမည့်မြေကြီးကို ဓာတ်ခွဲခန်းတွင်စမ်းသပ်၍ ရကြောင်း ပြန်လည်ပြောပြခွင့်ရသည်မှာ ကျွန်တော်တို့အတွက်သာမက တောင်သူများအတွက်ပါ ဝမ်းသာ ပီတိဖြစ်ရသည်။

၁၁။      ရေကို PH ဓာတ်ခွဲခန်းတင်သည့်အခါ ရေတွင်ရှိသည့် အငန်ဓာတ်၊ ထုံးဓာတ် အနည်း အများကို ဓာတ်ခွဲခန်းတွင် ခွဲခြားသိရှိနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ထို့ပြင်တောင်သူ လယ်သမားများ အသုံးပြုနေသည့်ဆေးဝါးများသည် မှတ်ပုံတင်ထားခြင်းရှိ/ မရှိ နိုင်ငံခြားနှင့် ထိုင်းနိုင်ငံမှလာသည့် ဆေးဝါးများသည် မှောင်ခိုစျေးကွက်မှလာခြင်း ဟုတ်/မဟုတ်နှင့် ဓာတု ဓာတ်ခွဲခန်းတွင် ဆေးဝါးများမှတ်ပုံတင်ထားခြင်း ရှိ/ မရှိ စသည်တို့ကို တောင်သူလယ်သမား များသိရှိရသည့်အတွက် ဆေးဝါးသုံးစွဲသည့်နေရာတွင် ထင်သာမြင်သာ ဖြစ်သွားသည်မှာ အလွန် ဝမ်းသာစရာကောင်းပါသည်။ ထို့ပြင် ကျွန်တော်တို့ကိုယ်စားလှယ်များအနေဖြင့် ဒေသခံပြည်သူများ အား ပြန်လည်သင်တန်းပေးခြင်း အစုအဖွဲ့ များလုပ်ပြီး နှိုးဆော်ပေးခြင်းဖြင့်  တောင်သူများအတွက် များစွာ ၏အကျိုးရှိကြောင်း တွေ့ရှိရပါသည်။

၁၂။      ဆက်လက်ပြီး မဟာအောင်မြေမြို့နယ် ၆၂လမ်းတွင်ရှိသော “မျိုးစေ့ဌာန” သို့ ၄:၃၀ အချိန်တွင် ရောက်ရှိခဲ့ပြီး မျိုးစေ့များသန့်စင်နေမှုအား လေ့လာတွေ့ရှိနေကြပါသည်။ ကျွန်တော်တို့ ဒေသခံပြည်သူများသည် ကိုယ့်ဒေသရှိမျိုးစပါးများကိုသာ  နှစ်ရှည်စိုက်ပျိုးလာသည်နှင့်အမျှ အနီ စေ့များ များလာကြောင်းနှင့် စပါးအထွက်နှုန်းလျော့ကျလာကြောင်း သိရှိရပါသည်။ ထို့ပြင် အနီ စေ့များ တစ်ဝက်ခန့်ဖြစ်လာသောအခါ တစ်ဧကလျှင် တင်း(၁၀၀)ကျော် ရမည့်စပါးမျိုးသည် တင်း (၅၀)ခန့်သာ ထွက်ကြောင်းသိရှိရပါသည်။

ထို့ကြောင့် အနီစေ့များသည် မျိုးစပါးများအား အသုံးမပြုရန်နှင့် မိမိတို့ဒေသတွင်ရှိသော မျိုးစပါးများကို မန္တလေးရှိ ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးနိုင်သည်ကို တောင်သူများအား အသိ ပေးခွင့်ရသည့်အတွက် များစွာအကျိုးရှိပါသည်။ မျိုးကောင်းမျိုးသန့်များကို ၁ နှစ် တစ်ကြိမ် ၂ နှစ် တစ်ကြိမ် ပြောင်းလဲပါက ၁ ဧကလျှင် တင်း (၁၂၀)၊ (၁၅၀) ခန့်ထွက်နိုင်ကြောင်း သိရှိရပါသည်။

အကြံပြုချက်

၁၃။      “ ရိတ်သိမ်းချိန်လွန်” နည်းပညာသင်တန်းကျောင်းသည် တောင်သူအများစုနှင့် လုပ်ငန်း ရှင်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် လုပ်ဆောင်ပေးသင့်ကြောင်းနှင့် သင်တန်းကျောင်းမှ သင်တန်းသားမြောက်မြားစွာ မွေးထုတ်ပေးနိုင်ရန် “ ရိတ်သိမ်းချိန်လွန်” နည်းပညာဖြင့် တောင်သူ လယ်သမားများ၏ ထုတ်ကုန်များကို နိုင်ငံတကာစျေးကွက်သို့ ရောက်ရှိနိုင်ရန် အစိုးရမှ (SME) လုပ်ငန်းရှင်များအား ဖိတ်ခေါ်ခဲ့ပါသည်။

၁၄။      မြို့နယ်တိုင်းရှိ မျိုးစပါး၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးလုပ်ကိုင်သင့်ပါသည်။ ထို့ပြင် မြေနှင့်ရေတွင် သီးနှံပျက်စီးမှု တစ်စုံ တစ်ရာဖြစ်ပါက စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ပြီး သက်ဆိုင်ရာဓာတ်ခွဲခန်းများသို့ ပို့ဆောင်၍ ဓာတ်ခွဲစမ်းသပ်သင့်ပါသည်။ စျေးကွက်တွင် ရောင်းချနေသော ဓာတ်မြေသြဇာများနှင့် ဆေးဝါးများ တွင် ပါဝင်သည့် အချိုးအစားများကို စစ်ဆေးသင့်ပါသည်။

နိဂုံး

မန္တလေးတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေးနှင့်မွေးမြူရေးကော်မတီ၏ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကွင်းဆင်းစစ်ဆေးမှုအခြေအနေအား သိရှိညွှန်ကြားမှုပြုနိုင်ပါရန် တင်ပြအပ် ပါသည်။

 

ဥက္ကဋ္ဌ

စိုက်ပျိုးရေးနှင့်မွေးမြူရေးကော်မတီ

မန္တလေးတိုင်းဒေသကြီးလွှတ်တော်

ဖတ်ရှုရန် Download Download

စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ၏ ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာ

စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ၏

ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာ

နိဒါန်း

၁။      ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်နေ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ကျင်းပသော စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ၏အစည်းအဝေးဆုံးဖြတ်ချက် အရ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၏ညွှန်ကြားချက်အရ လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်များသို့ ကျေးလက်ဒေသမီးလင်းရေးနှင့် လျှပ်စစ်ဓာတ်အားချိတ်ဆက်နိုင်ရေးဆိုင်ရာ တင်ပြချက်များ အတွက် (၁၃.၈.၂၀၁၈) မှ (၁၅.၈.၂၀၁၈) အထိ မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း ဖြစ်ပါသည်။

ရည်ရွယ်ချက်

၂။      မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးလက် ဒေသများ၏ လျှပ်စစ်မီးလိုအပ်ချက်များနှင့် လျှပ်စစ်ဓာတ်အားလိုင်း ချိတ်ဆက်နိုင်ရေး အ တွက် စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီအနေဖြင့် ကွင်းဆင်းစစ်ဆေး၍ မြေပြင် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန်။

ကွင်းဆင်းစစ်ဆေးရေးခရီးစဉ်နှင့် စစ်ဆေးတွေ့ရှိချက်များ

၃။      မန္တလေးတိုင်းဒေသကြီးလွှတ်တော် စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ သည် (၁၃.၈.၂၀၁၈) ရက်နေ့မှ (၁၅.၈.၂၀၁၈) ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်များရှိ ကျေးရွာပေါင်း (၁၂)ရွာသို့ သွားရောက်၍ ကျေး လက်မီးလင်းရေး၊ လျှပ်စစ်မီးလင်းရေးဆိုင်ရာ လိုအပ်ချက်များနှင့် ပတ်သက်၍ ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ ယခုအစီရင်ခံစာတွင် မိတ္ထီလာမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်များသို့ ကွင်းဆင်းစစ်ဆေးခဲ့သည့် (၁၃.၈.၂၀၁၈) ရက်နေ့မှ (၁၅.၈.၂၀၁၈) ရက်နေ့ ခရီးစဉ် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များသာမက (၂၀.၇.၂၀၁၈) ရက်နေ့မှ (၂၄.၇.၂၀၁၈) ရက်နေ့ ခရီးစဉ်တွင် မိတ္ထီလာမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်များ၌ ကွင်းဆင်း စစ်ဆေးတွေ့ရှိချက်များကိုပါ တင်ပြသွားပါမည်။ (၁၃.၈.၂၀၁၈) ရက်နေ့မှ (၁၅.၈.၂၀၁၈) ရက်နေ့အထိ မိတ္ထီလာမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်တို့တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ တွင် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များပါဝင်ခဲ့ပါသည်-

(က)    ဦးလှိုင်ဝင်း               စဉ့်ကိုင်မြို့နယ်                           ဥက္ကဋ္ဌ

မဲဆန္ဒနယ်(၂)

(ခ)     ဦးချစ်မင်းသိန်း         မလှိုင်မြို့နယ်                       အတွင်းရေးမှူး

မဲဆန္ဒနယ်(၁)

(ဂ)     ဒေါ်သီတာငြိမ်း         မလှိုင်မြို့နယ်                            အဖွဲ့ဝင်

မဲဆန္ဒနယ်(၂)

(ဃ)    ဦးအောင်မျိုးဦး         ရမည်းသင်းမြို့နယ်                       ။

မဲဆန္ဒနယ်(၂)

(င)     ဦးဝဏ္ဏအောင်           တံတားဦးမြို့နယ်                         ။

မဲဆန္ဒနယ်(၂)

(စ)     ဗိုလ်မှူးကြီး             တပ်မတော်သား                           ။

ကျော်နိုင်စိုး              ကိုယ်စားလှယ်

(ဆ)    ဗိုလ်မှူး                   တပ်မတော်သား                           ။

ဖြိုးသီဟကျော်          ကိုယ်စားလှယ်

(ဇ)     ဦးနေဇင်လင်း                                                    လွှတ်တော်ရုံး

(ဈ)     ဦးမျိုးဇော်                                                         လွှတ်တော်ရုံး

၄။      မိတ္ထီလာမြို့နယ်တွင် ကွင်းဆင်းစစ်ဆေးခြင်း (၂၀.၇.၂၀၁၈-၂၄.၇.၂၀၁၈)။

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၈)ရွာကို (၂၂.၇.၂၀၁၈) ရက်နေ့နှင့် (၂၃.၇.၂၀၁၈) ရက်နေ့များတွင် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ကျေးရွာအလိုက် စစ်ဆေး တွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    အုံတုံကျေးရွာ။        အုံတုံးကျေးရွာသည် အိမ်ခြေ (၃၅၃) အိမ်ရှိပြီး JICA အရ ဒီဇယ်အင်ဂျင်ဖြင့် မီးလင်းပြီးကျေးရွာဖြစ်ပါသည်။ အုံတုံကျေးရွာအား

(၁၁) ကေဗွီလိုင်းဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နိုင်ရန်မှာ မိတ္ထီလာမြို့နယ် ၊ ဝသုန်တောကျေးရွာမှ (၁၁)ကေဗွီလိုင်း (၂)မိုင်ခန့် ခရိုင်ချင်းဆက်ကားလမ်း အတိုင်း သွယ်တန်း၍ ဆောင်ရွက်နိုင်ပါသည်။ ဝသုန်တောကျေးရွာသို့ (၁၁) ကေဗွီလိုင်း ရောက်ရှိရေးကို ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ် (၁၂လ) ဘတ်ဂျက် ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

(ခ)     ရွာသစ်ကျေးရွာ။     ရွာသစ်ကျေးရွာသည် အိမ်ခြေ (၁၀၂) အိမ်ရှိပြီး ကျေးရွာ မီးလင်းရေးအတွက် ဖလန်ကျင်းဓာတ်ခွဲရုံမှ (၁၁) ကေဗွီလိုင်း(၁)မိုင် သွယ် တန်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍရေးနှစ် (၁၂လ) ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပြီးဖြစ်ပါသည်။

(ဂ)     ကျောက်အိုးကျေးရွာနှင့် အင်ပင်ဝကျေးရွာ။             ရွာသစ်ကျေးရွာ လျှပ်စစ် မီးရရှိပြီးပါက ၎င်းရွာနှင့် (၁)မိုင် (၂)ဖာလုံ အကွာအဝေးရှိ ကျောက်အိုးကျေး ရွာနှင့် အင်ပင်ဝကျေးရွာ (၂) ရွာအား မီးလင်းရေး ဆောင်ရွက်နိုင်မည် ဖြစ်ပါ သည်။ ကျောက်အိုးကျေးရွာသည် အိမ်ခြေ (၁၃၅) အိမ်ရှိပြီး အင်ပင်ဝကျေးရွာ သည် အိမ်ခြေ(၂၉၂) အိမ် ရှိပါသည်။ ၎င်းကျေးရွာနှစ်ရွာ လျှပ်စစ်မီးရရှိရေး အား National Electricity Plan (NEP) တွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါသည်။

(ဃ)    ဂွေးချို၊ သဘွတ်ကုန်းနှင့် ဇရပ်ကုန်းကျေးရွာ။   ကျောက်အိုးနှင့် ဂွေးချို သည် (၁) မိုင်၊ ဂွေးချိုနှင့် သဘွတ်ကုန်းသည် (၂)မိုင်၊ သဘွတ်ကုန်နှင့် ဇရပ် ကုန်းသည် (၁)မိုင် ကွာဝေးကြပါသည်။ သို့ဖြစ်ပါ၍ ကျောက်အိုးကျေးရွာ လျှပ် စစ်မီးရရှိပါက ကျောက်အိုးကျေးရွာမှ (၁၁) ကေဗွီလိုင်း (၄)မိုင် ထရန်စဖော်မာ နှင့် ဆက်စပ်ပစ္စည်းများ လျာထားဆောင်ရွက်ပေးမည်ဆိုလျှင် ဂွေးချို၊ သ ဘွတ်ကုန်းနှင့် ဇရပ်ကုန်းကျေးရွာ (၃)ရွာအား လျှပ်စစ်မီးရရှိရေး ဆောင်ရွက် ပေးနိုင်မည် ဖြစ်ပါသည်။

(င)     ညောင်ဇောက်ကျေးရွာ။     ညောင်ဇောက်ကျေးရွာတွင် အိမ်ခြေ (၁၀၀)ခန့် ရှိပါသည်။ ကျေးရွာမီးလင်းရေးကို အောင်မြန်မာ (ကျော်ညိုမြတ်) ကုမ္ပဏီမှ ၂၀၁၇-၂၀၁၈ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး (၁၁) ကေဗွီလိုင်း (၄) ဖာလုံတည်ဆောက်ရန်အတွက် ရန်ပုံငွေကို အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် မဖြစ်မနေ ထည့်သွင်းလျာထားပေးသင့်ပါသည်။

(စ)     ရှမ်းမငယ်ကျေးရွာအုပ်စု။       ရှမ်းမငယ်ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း (၉) ရွာ ပါဝင်ပါသည်။ ၎င်းတို့အနက် သပြေကုန်း၊ ညောင်လည်၊ ဂါတ်ကုန်း ကျေးရွာ (၃)ရွာ လျှပ်စစ်မီးရရှိရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (၁၂) လ ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါသည်။ ကျန်ကျေးရွာ မီး လင်းရေးကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်-

(၁)     ဖလန်ကျင်း 5 MVA ဓာတ်အားခွဲရုံအား ၁၀၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး ပြီး ဓာတ်အားစတင်ပို့လွှတ်ပေးနိုင်သည်နှင့် အောက်ပါကျေးရွာ (၃) ရွာအား လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်-

(ကက) ဂွေးကုန်း (အိမ်ခြေ ၈၅)။   ရွာတွင်းမီးလိုင်းများ ဆောင်ရွက်ဆဲဖြစ် သည်။ (၁) ဖာလုံခန့်ကွာဝေးသော ညောင်ကုန်းရွာမှ (၁၁) ကေဗွီလိုင်း သွယ် တန်း ဆောင်ရွက်ရမည်။

(ခခ)   ချောင်းခွ (အိမ်ခြေ ၇၅)။    (၁)မိုင် (၄) ဖာလုံခန့် ကွာဝေးသော ဂွေး ကုန်းကျေးရွာမှ (၁၁) ကေဗွီလိုင်း သွယ်တန်းဆောင်ရွက်ရမည်။

(ဂဂ)   သစ်ဆိမ့်ပင် (အိမ်ခြေ ၇၅)။ ချောင်းခွကျေးရွာနှင့် တစ်ဆက်တစ်စပ် တည်း တည်ရှိသဖြင့် ချောင်းခွကျေးရွာသို့ (၁၁) ကေဗွီလိုင်းရောက်ပါ က ၎င်းမှ ရယူဆောင်ရွက်နိုင်မည်ဖြစ်သည်။

(မှတ်ချက်။     ဖလန်ကျင်းဓာတ်အားခွဲရုံးသည် ဓာတ်အားစတင်ပို့လွှတ်ပေး နိုင်ရန် အချိန်ကာလ (၂) လခန့် ကြာမြင်ဦးမည်ဟု သိရှိရပါ သည်။)

(၂)     သပြေကုန်းနှင့် ညောင်လည် လျှပ်စစ်မီးရရှိပြီးပါက အောက်ပါကျေးရွာ (၃)                    ရွာအား လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်-

(ကက) ကန်ဦး (အိမ်ခြေ ၇၀)။      (၂) မိုင်ခန့် ကွာဝေးသော ညောင်လည် ကျေးမှ (၁၁)ကေဗွီလိုင်း သွယ်တန်းဆောင်ရွက်ရမည်။

(ခခ)   အတက်မြင့် (အိမ်ခြေ ၃၀)။             (၂.၃)ဖာလုံခန့်ကွာဝေးသော ညောင် လည်ကျေးရွာမှ (၁၁) ကေဗွီလိုင်း သွယ်တန်းဆောင်ရွက်ရမည်။

(ဂဂ)   ဝါးရုံစု (အိမ်ခြေ ၈၀)။      (၁) မိုင် (၄) ဖာလုံခန့်ကွာဝေးသော အ တက်မြင့် ကျေးရွာမှ (၁၁) ကေဗွီလိုင်း သွယ်တန်းဆောင်ရွက်ရမည်။

(ဆ)    ကံကောင်းကျေးရွာ။                   ကျေးရွာမီးလင်းရေးအတွက် (၁)မိုင်ခန့် ကွာဝေး သော ကံကောင်းဓာတ်အားခွဲရုံမှ (၁၁) ကေဗွီလိုင်း သွယ်တန်းဆောင်ရွက်မည် ဖြစ်သည်။ (၁၆၀) ကေဗွီအေ ထရန်စဖော်မာ တစ်လုံးချထားပေးသဖြင့် အိမ် ခြေ (၁၄၀) ရှိသည့် ရွာမကြီးအတွက် အဆင်ပြေသော်လည်း အမြန်လမ်းတစ် ဖက်ခြမ်းရှိ အိမ်ခြေ (၄၀) နှင့် အမြန်လမ်းဘေးရှိ ဆိုင်ခန်းများကိုလည်း မီး လင်းရေးဆောင်ရွက်ပေးလိုကြောင်း ကျေးရွာမှ တင်ပြရာ (၁၆၀) ကေဗွီအေ ထရန်စဖော်မာ တစ်လုံးအစား (၃၁၅) ကေဗွီအေ ထရန်စဖော်မာတစ်လုံး ပြောင်းလဲ တပ်ဆင်အသုံးပြုခွင့်ရရှိရေး မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှတစ်ဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အမြန်ဆုံး တင်ပြရန် အကြံပေးခဲ့ပါသည်။

၅။      မိတ္ထီလာမြို့ရှိ ရပ်ကွက်များတွင် ကွင်းဆင်းစစ်ဆေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါ သည်။ မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်၊ နယ်မြေ (၃)၊ ရေဆင်းကွက်သစ် (ပြည်ထောင်စုတိုးချဲ့ ရပ် ကွက်) သောက်သုံးရေရရှိရေးအတွက် ရေတွန်းတင် စက်မောင်းနှင်ရန် (၁၁) ကေဗွီအေ ဓာတ် အားလိုင်း (၁၂၀၀) ပေ သွယ်တန်းဆောင်ရွက်ရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အသုံးပြုခွင့် ငွေ (၅.၂)ကျပ်သန်း ချထားပေးခဲ့ပါသည်။ ၎င်းလိုင်းကို သွယ်တန်းခြင်းမပြုဘဲ သွယ်တန်း ထားပြီးဖြစ်သော ဓာတ်အားလိုင်းမှ ထပ်မံသွယ်ယူအသုံးပြုခဲ့ပါသည်။ ယင်းဓာတ်အားလိုင်း အမှန်တကယ် သွယ်တန်းခြင်းမရှိသည့်ကိစ္စမှာ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ဆောင်ရွက်ချက်ဖြစ်သဖြင့် ခွင့်ပြုဘတ်ဂျက် (၅.၂) ကျပ်သန်းအား မည်ကဲ့သို့ သုံးစွဲခဲ့သည်ကို မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့အား ရှင်းလင်းခိုင်းရန် အကြံပြုခဲ့ပါသည်။ ပြည် ထောင်စုတိုးချဲ့  ရပ်ကွက်လျှပ်စစ်မီး မရရှိသေးသည့်ကိစ္စကိုလည်း ကော်မတီအနေဖြင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

၆။      မိတ္ထီလာမြို့နယ်တွင် ကွင်းဆင်းစစ်ဆေးခြင်း (၁၃.၈.၂၀၁၈ – ၁၅.၈.၂၀၁၈)။

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၆)ရွာကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။ ကျေးရွာအလိုက် စစ်ဆေးတွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    မကျီးစုကျေးရွာ။     မကျီးစုကျေးရွာတွင် အိမ်ခြေ (၁၈၀) ရှိပါသည်။ မကျီးစု ကျေးရွာနှင့် မြေနီကုန်းကျေးရွာတို့သည် တစ်ဆက်တစ်စပ်တည်း တည်ရှိပါ သည်။ မကျီးစုကျောင်းတိုက် ဆရာတော်မှ ဦးဆောင်၍ (၁၁) ကေဗွီလိုင်း (၁.၀၇) မိုင် (၅၆၅၀) ပေကို တိုင်ပေါင်း (၅၆)တိုင် စိုက်ထူပြီး ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ကြပါသည်။ ဝန်ဇင်းဓာတ်အားခွဲရုံမှ ဓာတ်ငွေ့ feeder လိုင်းမှ သွယ်တန်းရယူရန် ဖြစ်ပါသည်။ (၃၁၅) ကေဗွီအေ ထရန်စဖော်မာတစ်လုံးကို လည်း သွယ်ယူတပ်ဆင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် မကျီးစု ကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူသွားခဲ့ရာ ကျေးရွာမီးလင်းရေး ဆောင် ရွက်မှုများ ရပ်တန့်သွားခဲ့ရပါသည်။ မီးလိုင်းတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်ကုမ္ပဏီမှ ကိုယ်စားလှယ်ဆိုသူက ဆရာတော်ထံမှ လုပ်အားခများ ရရှိရန် ကျန်သေးသည်ဟုဆိုကာ ထရန်စဖော်မာ၏ ဆက်စပ်ပစ္စည်းများကို ဖြုတ်ယူသွားခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် မြေနီ ကုန်း ကျေးရွာအတွက် (၁၁) ကေဗွီလိုင်း (၀.၀၆) မိုင် (၃၀၀)ပေနှင့် (၂၀၀) ကေဗွီအေ ထရန်စဖော်မာတစ်လုံး ကန်နီကျေးရွာအတွက် (၁၁) ကေဗွီ (၁)မိုင် (၁) ဖာလုံနှင့် (၁၆၀) ကေဗွီအေ ထရန်စဖော်မာတစ်လုံး ချထားပေးခဲ့ပါသည်။ ယင်းကဲ့သို့ ကျေးရွာမီးလင်းရေးအတွက် ဘတ်ဂျက်များချထားပေးသဖြင့် မကျီးစုကျောင်း တိုက်ဆရာတော် ဦးစီးဆောင်ရွက်ခဲ့သည့် ကိုယ်ထူကိုယ်ထ မီးလိုင်းအတွက် ကုန်ကျစရိတ်များကို ထည့်ဝင်ခြင်း မပြုကြတော့ပေ။ (၂၀၀) ကေဗွီအေ ထရန်စဖော်မာတစ်လုံးနှင့် မကျီးစု၊ မြေနီကုန်း၊ ရွာသစ်၊ ဆည်ခြား၊ ကွမ်းခြံကုန်းကျေးရွာ(၅)ရွာ စလုံးကို လုံလောက်စွာ မီးပေးနိုင်မည်ဖြစ်သည်။ (၂၀၀)ကေဗွီအေ ထရန်စဖော်မာဖြင့် မီးပေးနိုင်ရန် လိုအပ်သည့် ဆက်စပ် ပစ္စည်းများကို မိတ္ထီလာမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးသီဟလှိုင် ဦးဆောင်သည့် လျှပ်စစ်အဖွဲ့မှ စစ်ဆေးခဲ့ကြပါသည်။ မကျီးစုနှင့် မြေနီကုန်းကျေးရွာ (၂)ရွာ စလုံးတွင် ရွာတွင်းမီးလိုင်းများ သွယ်တန်းပြီးဖြစ်သဖြင့် မီးလင်းရေးအတွက် အဆင်သင့်ဖြစ်နေပြီး (၂၀၀) ကေဗွီအေ ထရန်စဖော်မာ ဆက်စပ်ပစ္စည်းများ ရရှိပါက ဓာတ်အားချိတ်ဆက်ရန်သာ ကျန်ရှိပါတော့သည်။ မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးသီဟလှိုင်ကလည်း မီးလင်းရေးကော်မတီ (၁၇) ဦး ထောက်ခံ ချက်ဖြင့် မြို့နယ်လျှပ်စစ်မန်နေဂျာ ရုံးသုံးမီတာများ လာလျှောက်ကြရန် အသိပေးပြောကြားခဲ့ပါသည်။ စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက (၃၁၅) ကေဗွီအေ ထရန်စဖော်မာတစ်လုံးသာ လိုအပ် သဖြင့် ပိုနေသည့် (၂၀၀) ကေဗွီအေ ထရန်စဖော်မာကို မည်ကဲ့သို့ စီမံခန့်ခွဲရ မည်နှင့် ဓာတ်အားချိတ်ဆက်နိုင်ရေး အမြန်ဆုံး ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။

(ခ)     ကန်နီကျေးရွာ။         ကန်နီကျေးရွာသည် မကျီးစုရွာနှင့် (၁)မိုင်ကျော်ခန့် ကွာ ဝေးပြီး အိမ်ခြေ (၅၀) ခန့် ရှိပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် ဖြင့် (၁၁) ကေဗွီလိုင်း (၁)မိုင် (၁) ဖာလုံနှင့် (၁၆၀) ကေဗွီအေ ထရန်စဖော်မာ (၁)လုံးတို့ကို တည်ဆောက်တပ်ဆင်ထားပြီးဖြစ်ပါသည်။ ရွာတွင်းလိုင်းများကို လည်း ကိုယ်ထူကိုယ်ထဆွဲထားပြီး လျှပ်စစ်မီးအသုံးပြုမည့် အိမ်တိုင်းတွင် လျှပ်စစ်မီတာများ တပ်ဆင်ထားပြီးဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အားကို မကျီး စုကျေးရွာ၏(၁၁) ကေဗွီလိုင်းမှ ချိတ်ဆက်ရယူမည်ဖြစ်ပါသဖြင့် မကျီးစုကျေး ရွာသို့ လျှပ်စစ်ဓာတ်အားမရောက်ရှိသေးသဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်း ရပ်တန့်လျက်ရှိပါသည်။

(ဂ)     ပြင်သာ(၂)ကျေးရွာ။                  ပြင်သာ(၂) ကျေးရွာတွင် အိမ်ခြေ (၂၁၈)အိမ်ရှိ ပါသည်။ မီးလင်းပြီး လျှော်ဖြူကန်ကျေးရွာမှ လျှပ်စစ်ဓာတ်အားချိတ်ရယူရန် (၁၁) ကေဗွီလိုင်း (၁.၅၆) မိုင်အတွက် (၃၉) ခန်းစာတိုင်များ ကိုယ်ထူကိုယ်ထ စိုက်ထူပြီး (၃၁၅) ကေဗွီအေ ထရန်စဖော်မာ (၁)လုံး တပ်ဆင်ပြီးဖြစ်ပါသည်။ သို့ရာတွင် (၁၁) ကေဗွီလိုင်းအတွက် ကြိုး၊ Footing နှင့် ဆက်စပ် ပစ္စည်းများ လိုအပ်လျက်ရှိပါသည်။ (လိုအပ်သည့် ရန်ပုံငွေအား အနီးဆုံး ဘဏ္ဍာရေးနှစ် တွင် ထည့်သွင်းလျာထားပေးသင့်ပါသည်။)

(ဃ)    သပြေဝကျေးရွာ (ထနောင်းကန်ဆိုင်ခန်း)။                    ထနောင်းကန်ဆိုင်ခန်း တွင် အိမ်ခြေ (၁၉၃) အိမ်ရှိသဖြင့် (၂၀၀) ကေဗွီအေ ထရန်စဖော်မာဖြင့် မီး ပေးနေသည်မှာ လုံလောက်မှုမရှိသဖြင့် (၃၁၅) ကေဗွီအေ ထရန်စဖော်မာ ပြောင်းလဲအသုံးပြုရန် ဆောင်ရွက်လျက်ရှိပါသည်။ တစ်ဘက်ခြမ်းအိမ်ခြေ (၄၀) အစုအဝေးကလည်း ၎င်းတို့ အိမ်ခြေစု မီးလင်းရေးအတွက် မီးလင်းရေး ကော်မတီဖွဲ့စည်းပြီး ရွာတွင်းလိုင်းများ ​ဆောင်ရွက်လျက်ရှိပါသည်။ ယင်းကဲ့ သို့ တစ်ရွာတည်းတွင် မီးလင်းရေးကော်မတီ နှစ်ဖွဲ့ကွဲနေသဖြင့် (၈.၈.၂၀၁၈) ရက်နေ့တွင် လျှပ်စစ်မန်နေဂျာ ဦးသီဟလှိုင်ဦးစီးပြီး အစည်းအဝေးပြုလုပ်ကာ မီးလင်းရေးကော်မတီ တစ်စုတည်းဖြစ်အောင် ပြန်လည်ဖွဲ့စည်းပေးခဲ့ပါသည်။ မီးလင်းရေးကော်မတီဖွဲ့စည်းခွင့်ကိုလည်း (၁၃.၈.၂၀၁၈) ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြထားပြီးဖြစ်ပါသည်။ မီးလင်းရေးကော်မတီအနေ ဖြင့် (၄၀၀) ဗို့ဓာတ်အားလိုင်းတည်ဆောက်ခြင်းအတွက် ယခင်က တစ်အိမ် ထောင်လျှင် (၇)သိန်းကျပ်စီ ကျခံထည့်ဝင်ခဲ့ကြသော်လည်း ယခုခေတ်အခြေ အနေအရ တစ်အိမ်ထောင်လျှင် (၄)သိန်းကျပ်သာ ထည့်ဝင်စေရေး စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီမှ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ အိမ်ခြေ (၄၀) ဖက်ခြမ်းမှ အိမ်ထောင်စုများမှလည်း ၎င်းတို့တည်ဆောက်ပြီး သည့် ရွာတွင်းလိုင်းများအတွက် တစ်အိမ်ထောင်လျှင် (၂)သိန်း (၆)သောင်း ကျပ်စီ ကုန်ကျပြီးဖြစ်သဖြင့် နောက်ထပ် (၁) သိန်း (၅)သောင်းကျပ် ထည့်ဝင် ရန် သဘောတူနိုင်ခဲ့ကြပါသည်။

(င)     မြာကျေးရွာအုပ်စု။     မြာကျေးရွာသည် အိမ်ခြေ (၁၇၀)ခန့်ရှိပြီး ၂၀၁၄ခုနှစ် ကတည်းက မီးလင်းပြီးဖြစ်ပါသည်။ ရေဝေကျေးရွာနှင့် တဲကြီးကုန်းကျေးရွာ များ မီးလင်းရေးအတွက် မြာကျေးရွာသို့ ရောက်ရှိပြီးဖြစ်သည့် (၃၃)ကေဗွီ လိုင်းမှ မြာကျေးရွာ အလယ်တန်းကျောင်းခွဲအနီးမှ ပေ(၁၀၀၀)ခန့် ဖြတ်သန်း သွယ်တန်းခြင်းကို မြာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမျိုး၊ မြာကျေးရွာ မီး လင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ညိုနှင့် မီးလင်းရေးကော်မတီ အတွင်းရေး မှူး ဦးစိုးအောင်တို့ ဦးဆောင်သည့် မြာကျေးရွာသူ/သားများမှ အပြင်းအထန် ကန့်ကွက်ခဲ့ကြပါသည်။ တဲကြီးကုန်းကျေးရွာသို့ သွယ်တန်းထားသည့် (၃၃) ကေဗွီလိုင်းမှ ဓာတ်တိုင် (၂)တိုင်ကိုလည်း ယာပိုင်ရှင် ဦးအောင်ငယ်မှ ၎င်း၏ ယာမြေအတွင်း ကျရောက်နေသဖြင့် နေရာရွှေ့ပေးရန် တင်ပြထားသည့် ပြဿနာလည်း ရှိနေပါသည်။ မြာကျေးရွာမီးလင်းရေးအတွက် (၃၃) ကေဗွီ လိုင်း (၄၀၀၀)ပေခန့်ကို ကုန်းသာရွာမှ ကိုယ်ထူကိုယ်ထ သွယ်တန်းရယူထား ခြင်းဖြစ်ပြီး သိန်း (၂၄၀) ကုန်ကျခဲ့ပါသည်။ အဆိုပါကုန်ကျစရိတ်ကို တဲကြီး ကုန်၊ ရေဝေ၊ ရှမ်းတဲနှင့် မြာ (၄)ရွာမှ တစ်ရွာလျှင် သိန်း (၆၀) စီထည့်ဝင်ရန် ယခင်က ကတိကဝတ်ပြုခဲ့ကြပါသည်။ ရေဝေကျေးရွာမှ မြာကျေးရွာသို့ သိန်း (၃၀) ပေးချေပြီး ဖြစ်ပါသည်။ ကော်မတီအနေဖြင့် မြာကျေးရွာအုပ်ချုပ်ရေး မှူးရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူး မီးလင်းရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ကျေးရွာလူကြီးများနှင့် တွေ့ဆုံပြီး နိုင်ငံတော်၏ မီးလင်းရေးမူဝါဒ၊ မီး လင်းရေးကော်မတီမှ လိုက်နာရမည့်အချက်(၁၂)ချက်တို့ကို ရှင်းလင်းပြော ကြားခဲ့ပါသည်။ ဆက်လက်၍ ရေဝေနှင့် တဲကြီးကုန်း မီးလင်းရေးအတွက် (၃၃) ကေဗွီလိုင်း ပေ(၁၀၀၀)ခန့်အား မြာကျေးရွာ အလယ်တန်းကျောင်းခွဲ အနီးမှ ကျေးရွာချင်းဆက်လမ်းအတိုင်း သွယ်တန်းမည်ကို ညှိနှိုင်းဆွေးနွေးခဲ့ ရာ မြာကျေးရွာမှ အပြင်းအထန် ကန့်ကွက်ခဲ့ပါသည်။ ကော်မတီက မြာကျေး ရွာက ကန့်ကွက်သော်လည်း ရေဝေနှင့် တဲကြီးကုန်းကျေးရွာ မီးလင်းရေးကို နိုင်ငံတော်မူဝါဒအတိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြာကျေးရွာအနေ ဖြင့် (၃၃) ကေဗွီလိုင်း ပေ (၄၀၀၀)ခန့်ကို ကိုယ်ထူကိုယ်ထဆွဲခဲ့ရသဖြင့် ကုန် ကျစရိတ်များရှိသည်မှာ များသော်လည်း ကော်မတီအနေဖြင့် ငွေရေးကြေးရေး ကိစ္စကို မဖြေရှင်းပေးနိုင်ကြောင်း၊ စီမံခန့်ခွဲရေးနည်းလမ်းဖြင့် မဖြေရှင်းပေး နိုင်ပါကအုပ်ချုပ်မှုနည်းလမ်းဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကော်မ တီအနေဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

(စ)     အံ့ထူးစည်ပင်သာကျေးရွာ။          အံ့ထူးစည်ပင်သာဆိုသည်မှာ အံ့ထူးနှင့် စည်ပင်သာကျေးရွာနှစ်ရွာကို ပေါင်းပြီး ခေါ်ဝေါခြင်းဖြစ်ပါသည်။ နှစ်ရွာပေါင်း အိမ်ခြေ (၁၁၁) အိမ်ရှိပါသည်။ မလှိုင်-မိတ္ထီလာကားလမ်းမှ မြေသားလမ်း အတိုင်း  မိုင်ဝက်ခန့် ဝင်ရပါသည်။ အံ့ထူးစည်ပင်သာ ရွာဦးကျောင်းတွင် ဒေသခံ ကျေးရွာလူထုနှင့် တွေ့ဆုံဆွေးနွေးရာတွင် အံ့ထူးစည်ပင်သာကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် လိုအပ်ချက်များကို မန္တလေးလျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းနှင့် ညှိနှိုင်းတိုင်ပင်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ မီးလင်းရေးကော်မတီ ဖွဲ့စည်းထားခြင်းမ ရှိသေးသဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနသို့ တရားဝင်တင်ပြပြီး ဖွဲ့ စည်းထားရန်လိုအပ်ကြောင်း၊ မီးလင်းရေးကော်မတီ တရားဝင်ဖွဲ့စည်းပြီးပါ က ရွာတွင်း (၄၀၀)ဗို့လိုင်း တည်ဆောက်ရန် ရွာတွင်း ရန်ပုံငွေကောက်ခံပြီး ဘဏ်တွင်ငွေစာရင်းဖွင့်လှစ်ထားသင့်ကြောင်း၊ ရွာတွင်းလိုင်းတည်ဆောက်ခွင့် ကို သက်ဆိုင်ရာဌာနများသို့ တင်ပြခွင့်ပြုချက်တောင်းခံပြီး စတင်ဆောင်ရွက် သင့်ပါကြောင်း၊ ရွာတွင်းလိုင်း တည်ဆောက်ပြီးစီးပါက (၃၃/၁၁)ကေဗွီလိုင်း နှင့် ထရန်စဖော်နှင့် ဆက်စပ်ပစ္စည်းများအတွက် ဘတ်ဂျက်ရရှိရေး တင်ပြ တောင်းခံသွားရမည်ဖြစ်ကြောင်း၊ ကျေးရွာမီးလင်းရေးအတွက် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းပြောကြားပေးခဲ့ပါသည်။

၇။      စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီသည် မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးသီဟ လှိုင်လိုက်ပါ၍ မိတ္ထီလာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအုန်းဋ္ဌေး (ပ/ ၄၂၁၁)နှင့် တွေ့ဆုံကာ ရေဝေကျေးရွာနှင့် တဲကြီးကုန်း ကျေးရွာ မီးလင်းရေးအတွက် မြာကျေးရွာမှ ကန့်ကွက်နှောင့်ယှက်နေမှုကို တင်ပြခဲ့ပြီး ကျေး ရွာများ မီးလင်းရေးအတွက် အုပ်ချုပ်မှုနည်းလမ်းဖြင့် မည်ကဲ့သို့ ဆောင်ရွက်နိုင်ကြောင်း မေး မြန်းခဲ့ပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးက မြာကျေးရွာကိစ္စကို အုပ်ချုပ်မှုနည်းလမ်းဖြင့် ဆောင်ရွက်ရန် အသေးစိတ် အစီအမံများကို ခရိုင်ရုံးမှတစ်ဆင့် အစိုးရအဖွဲ့ရုံးသို့ တင်ပြသွား မည်ဖြစ်ပြီး ခွင့်ပြုချက်ကျပါက အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြော ကြားခဲ့ပါသည်။

၈။      ပျော်ဘွယ်မြို့နယ်တွင် ကွင်းဆင်းစစ်ဆေးခြင်း (၂၀.၇.၂၀၁၈-၂၄.၇.၂၀၁၈)။    ပျော်

ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၅)ရွာကို (၂၃.၇.၂၀၁၈) ရက်နေ့တွင် ကွင်းဆင်းစစ် ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ကျေးရွာအလိုက် စစ်ဆေးတွေ့ရှိချက်များမှာ အောက်ပါအ တိုင်းဖြစ်ပါသည်-

(က)    ထန်းတပင်ကျေးရွာ (အိမ်ခြေ ၇၀)။                 ရွာတွင်းလိုင်းများ ဆောင်ရွက်ပြီး စီးပြီးဖြစ်ပါသည်။ လျှပ်စစ်မီးရရှိရေးအတွက် National Electricity Plan (NEP) တွင် ထည့်သွင်းရေးဆွဲထားပြီးဖြစ်ပါသည်။

(ခ)     ကြက်သွန်ခင်းကျေးရွာ (အိမ်ခြေ ၅၀)။   ရွာတွင်းလိုင်းများ ဆောင်ရွက်ပြီး စီးဖြစ်ပါသည်။ လျှပ်စစ်မီးရရှိရေးအတွက် National Electricity Plan (NEP) တွင် ထည့်သွင်းရေးဆွဲထားပြီးဖြစ်ပါသည်။

(ဂ)     သာစည်ကျေးရွာ (အိမ်ခြေ ၁၅၀)။ ရွာတွင်းလိုင်းများ ဆောင်ရွက်ပြီးစီးပြီး ဖြစ်ပါသည်။ လျှပ်စစ်မီးရရှိရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (၁၂လ) ဘတ်ဂျက်တွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါသည်။

(ဃ)    ကန်ဦးကျေးရွာ (အိမ်ခြေ ၇၀)။    ရွာတွင်းလိုင်းများ ဆောင်ရွက်ဆဲ ဖြစ်ပါ သည်။ လျှပ်စစ်မီးရရှိရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (၆လ) ဘတ် ဂျက်တွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါသည်။

(င)     ထနောင်းပင်ဝိုင်းကျေးရွာ။ အလယ်ကျွန်း၊ ထနောင်းပင်ဝိုင်း၊ လင့်စင်ကုန်း၊ ကြက်တည်းလေးကျေးရွာ (၄)ရွာမှာ လျှပ်စစ်မီးရရှိပြီးဖြစ်သော်လည်း ယင်း ရွာ (၄)ရွာမှာ မင်းရာမမှ ရွာသစ်ကျေးရွာအထိ (၁၁) ကေဗွီလိုင်း (၁၀)မိုင်ခန့် ကို ကိုယ်ထူကိုယ်ထ စုပေါင်း၍ တည်ဆောက်ခဲ့ရခြင်း၊ ထရန်စဖော်မာအိုးများ အား ပြင်ပမှ ဝယ်ယူ၍ တပ်ဆင်ခဲ့ရခြင်းတို့ကြောင့် ကျေးရွာမီးလင်းရေး ကော် မတီများတွင် အကြွေးတင်လျက်ရှိပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် တင်ပြ ခဲ့ပါသည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပျော်ဘွယ်မြို့နယ်၊ မဲဆန္ဒနယ်(၁)၊ တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက ဒုတိယအကြိမ် မန္တလေး တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်မပြ မေး ခွန်းအနေဖြင့် မေးမြန်းခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်က “ ပျော်ဘွယ်မြို့နယ် အတွင်းရှိ အလယ်ကျွန်း၊ ထနောင်းပင်ဝိုင်း၊ လင့်စင်ကုန်း၊ ကြက်တည်းလေး ကျေးရွာတို့အတွက် (၁၁/၀.၄) ကေဗွီ (၂၀၀) ကေဗွီအေ ထရန်စဖော်မာ (၄) လုံး တည်ဆောက်ခြင်းမှာ မြေပြင်ကွင်းဆင်းစစ်ဆေးချက်အရ လုပ်ငန်း ဆောင်ရွက်ပြီး ဖြစ်ပါကြောင်းနှင့် မီးလင်းနေကြောင်း စိစစ်တွေ့ရှိရပါ၍ ကျေး ရွာ (၄)ရွာအတွက် ထောက်ပံ့တောင်းခံငွေ စုစုပေါင်း ကျပ်သိန်း(၅၈၀) အား တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေမှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း”  ဖြေကြားသည်။

၉။      ပျော်ဘွယ်မြို့နယ်တွင် ကွင်းဆင်းစစ်ဆေးခြင်း (၁၃.၈.၂၀၁၈-၁၅.၈.၂၀၁၈)။   ပျော်

ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၆)ရွာသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။ ကျေးရွာအလိုက် စစ်ဆေးတွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    ဝက်လက်အုပ်စု၊ သက်ကယ်ချင်းကျေးရွာ (အိမ်ခြေ ၆၀)။       ရွာတွင်းလိုင်းများ တည်ဆောက်ပြီးစီးပြီးဖြစ်ပါသည်။ (၃၃/၀.၄) ကေဗွီဓာတ်အားလိုင်း ပေ (၅၀) ခန့်နှင့် (၁၀၀) ကေဗွီအေ ထရန်စဖော်မာ (၁) လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ Load များ၊ Break Switch တစ်ခု လိုအပ်လျက်ရှိပါသည်။ ပျော်ဘွယ်ဓာတ် အားခွဲရုံမှ ဓာတ်အားရယူအသုံးပြုပါမည်။

(ခ)     တောတွင်လှအုပ်စု၊ ချောင်းလမ်းကြီးကျေးရွာ (အိမ်ခြေ ၁၄၇)။             ရွာတွင်း လိုင်းများတည်ဆောက်ပြီးစီးပြီးဖြစ်ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက်တွင် (၁၁)ကေဗွီလိုင်း (၁)မိုင်နှင့် (၁၆၀) ကေဗွီအေ ထရန်စ ဖော်မာ (၁) လုံးချထားပေးပြီး ဖြစ်ပါသည်။

(ဂ)     တောတွင်လှ၊ (တောင်) ကျေးရွာ (အိမ်ခြေ ၁၃၀)။       ရွာတွင်းလိုင်းများကို ၂၀၁၇ခုနှစ် ဇူလိုင်လကတည်းက တည်ဆောက်ပြီးစီးပြီးဖြစ်ပါသည်။ (၁၁) ကေဗွီလိုင်း (၀.၉) မိုင်၊ (၂၀၀) ကေဗွီအေ ထရန်စဖော်မာ (၁) လုံးနှင့် ဆက် စပ်ပစ္စည်းများ လိုအပ်လျက်ရှိသည်။ လျှပ်စစ်ဓာတ်အားကို ပျော်ဘွယ်ဓာတ် အားခွဲရုံ  Feader 2 မှ ချိတ်ဆက်ရယူနိုင်ပါသည်။

(ဃ)    ထရံကာအုပ်စု၊ သီးပင်ကျေးရွာ (အိမ်ခြေ ၃၀၀)။                   ရွာတွင်းလိုင်းများ ကို  ၂၀၁၃ ခုနှစ် ကတည်းက တည်ဆောက်ပြီးစီးပြီးဖြစ်ပါသည်။ အိမ်ခြေ (၂၃၀)ခန့် တစ်စုနှင့် အိမ်ခြေ (၇၀)ခန့် တစ်စု နှစ်နေရာကွဲနေသဖြင့် (၂၀၀) ကေဗွီအေ ထရန်စဖော်မာ (၁)လုံး နှင့် (၁၀၀) ကေဗွီအေ (၁)လုံးတို့ကို သီးခြား စီနေရာခွဲ တည်ဆောက်ပေးရန်နှင့် ရွာသစ်ကလေးကျေးရွာမှ (၁၁) ကေဗွီလိုင်း (၁.၇၅)မိုင် ဆွဲရန် လိုအပ်လျက်ရှိပါသည်။

(င)     စပါယ်ကုန်းအုပ်စု၊ တလင်းကုန်းကျေးရွာ(ရန်အောင်မြို့နယ်) ( အိမ်ခြေ ၂၃၅)။             မီးလင်းရေးလုပ်ငန်းကို ၂၀၁၇ ခုနှစ်၊ မေလမှ စတင်ခဲ့ရာ (၆.၈.၂၀၁၈) ရက်နေ့တွင် ရွာတွင်းလိုင်းအားလုံး တည်ဆောက်ပြီးစီးခဲ့ပါ သည်။ ရန်အောင်ဓာတ်အားခွဲရုံမှ ဓာတ်အားရယူအသုံးပြုပါမည်။ (၁၁) ကေဗွီ လိုင်း (၂) မိုင် (၂၀၀) ကေဗွီအေ ထရန်စဖော်မာ (၁) လုံးနှင့် ဆက်စပ်ပစ္စည်း များလိုအပ်လျက်ရှိပါသည်။

(စ)     သဖန်းချောင်းကျေးရွာ(ပျော်ဘွယ်မြို့နယ်)(အိမ်ခြေ၆၀၀)။       သဖန်းချောင်း ကျေးရွာသည် ပျော်ဘွယ်မြို့မှ (၁၄)မိုင်ခန့် ကွာဝေးပြီး ပျော်ဘွယ်-နတ်မောက်သွား ကားလမ်းပေါ်တွင် တည်ရှိပါသည်။ ကျေးရွာမှ ရန်အောင်ဓါတ်အားခွဲရုံတည် ဆောက်ရန် မြေ(၂)ဧက လှူဒါန်းထားပါသည်။ National Electricity Plan ( NEP ) တွင် (၁၁) ကေဗွီ (၀.၅)မိုင်နှင့် (၁၁/၀.၄)ကေဗွီ (၁၀၀)ကေဗွီအေ ထရန်စဖော်မာ(၂)လုံး ထည့်သွင်းလျာထား ပေးပြီး ဖြစ်ပါသည်။

သုံးသပ်ချက်

၁၀။    မိတ္ထီလာမြို့နယ်၊ မကျီးစုကျေးရွာ လျှပ်စစ်ဓါတ်အားရရှိလျှင် ကန်နီကျေးရွာ၊ ပြင်သာ (၂) ကျေးရွာအပါအဝင် မြေနီကုန်း၊ ရွာသစ်၊ ကွမ်းခြံကုန်း၊ ထနောင်း ပင်ကုန်းကျေးရွာ အစုအဖွဲ့များ ပါလျှပ်စစ်ဓါတ်အား ရရှိနိုင်မည်ဖြစ် သည်။

၁၁။    မိတ္ထီလာမြို့နယ်၊ မြာကျေးရွာအုပ်စု၊ မြာကျေးရွာ ထရန်စဖော်မာမှ (၃၃) ကေဗွီဓါတ်အား လိုင်းပေ(၁၀၀၀)ခန့် တည်ဆောက်ခြင်း လုပ်ငန်းကို အမြန်အပြီး သတ်နိုင်လျှင် ရေဝေကျေးရွာ၊ တဲကြီးကုန်းကျေးရွာတို့ လျှပ်စစ် ဓါတ်အား ရရှိနိုင်မည် ဖြစ်သည်။

၁၂။    ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာများ ဓါတ်အားရရှိရေးအတွက် တိုင်း ဒေသကြီး ဘတ်ဂျတ်ဖြင့် လုပ်ငန်းများ လျာထားဆောင်ရွက်ရာတွင် သက်ဆိုင်ရာမဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်များထံမှ လိုအပ်သော အချက်အလက်အမှန်များ မရရှိခဲ့ပေ။

၁၃။    လွှတ်တော်ကိုယ်စားလှယ်မိသားစုဝင်များ ပိုင်ဆိုင်သော ကုမ္ပဏီများသည် (၃၃) ကေဗွီ ဓါတ်အားလိုင်းများ၊ (၁၁) ကေဗွီ ဓါတ်အားလိုင်းများအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျေးရွာပြည်သူများ၏ ရန်ပုံငွေတို့ကို သုံးစွဲကာ ဆောင်ရွက်နေမှုတို့သည် အစိုးရ၏ လျှပ်စစ်ဆိုင်ရာမူဝါဒများနှင့် ကွဲလွဲလျက်ရှိသည်။ ကျေးရွာနေပြည်သူများအတွက် ငွေကြေး အကြွေးတင်ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။

အကြံပြုချက်

၁၄။    မိတ္ထီလာမြို့နယ်၊မကျီးစုကျေးရွာအပါအဝင် မြေနီကုန်း၊ရွာသစ်၊ ဆည်ခြား၊ ကွမ်းခြံ ကုန်း၊ ထနောင်းကုန်းကျေးရွာ အစုအဖွဲ့တို့တွင် အိမ်ခြေ(၂၄၁)အိမ် တစ်ဆက်တစ်စပ် တည်း ရှိပြီး ကိုယ်ထူကိုယ်ထဖြင့် ဝယ်ယူထားသော (၁၁/၀.၄)ကေဗွီ (၃.၅)ကေဗွီအေ ထရန်စဖော် မာ(၁)လုံး၊ တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် မြေနီကုန်းကျေးရွာတွင်(၁၁/၀.၄)ကေဗွီ (၂၀၀) ကေဗွီအေထရန် စဖော်မာတစ်လုံးတို့ တည်ဆောက်ထားပြီးဖြစ်နေရာ၎င်း ကျေးရွာအစု အဖွဲ့အတွက် အမှန်တကယ်လိုအပ်သော ထရန်စဖော်မာအမျိုးအစား(၁)လုံးဖြင့်သာ ဓါတ်အားဖြန့်ဖြူးပေး သင့်ပါသည်။ (၁၁/၀.၄)ကေဗွီ (၃၁၅)ကေဗွီအေ ထရန်စဖော်မာဖြင့် ဓါတ်အားဖြန့်ဖြူး ပေးမည်ဆိုပါက ထရန်စဖော်မာ ဆက်စပ်ပစ္စည်းများကို ဖြည့်ဆည်း ပေး ရမည်ဖြစ်သည်။ကျန်ရှိနေမည့် ထရန်စဖော်မာ(၁)လုံးအား မကျီးကျေးရွာ မီးလင်းရေး ကော်မတီထံ အပ်နှံပြီး ၎င်းကော်မတီ၏ ငွေရေးကြေးရေးအခက်အခဲ ဖြစ်ပေါ်နေမှုအတွက် စီမံခန့်ခွဲ ခွင့်ပြုပေးသင့်ပါသည်။ ထို့ပြင်လိုအပ်နေသော (၁၁)ကေဗွီဓါတ်အား လိုင်း (၀.၂၅)မိုင် ကိုလည်း အနီးဆုံး ဘဏ္ဍာနှစ်တွင် လျာထား ဆောင်ရွက်ပေးသင့်ပါသည်။

၁၅။    မိတ္ထီလာမြို့နယ်၊ မြာကျေးရွာအုပ်စု၊ ရေဝေကျေးရွာနှင့် တဲကြီးကုန်းကျေးရွာများ ဓါတ်အားရရှိစေရေးအတွက် မြာကျေးရွာရှိ(၃၃) ကေဗွီလိုင်းမှ ရေဝေကျေးရွာဘက်သို့ ပေ(၁၀၀၀)ခန့် တည်ဆောက်နိုင်ရေးကို မိတ္ထီလာမြို့နယ် စီမံခန့်ခွဲရေးကော်မတီ၏ အစီအစဉ်ဖြင့် အမြန်ဆုံးအရေးယူ တည်ဆောက်ပေးသင့်ပါသည်။ (ဆောင်ရွက်မည့်အစီအစဉ် အသေးစိတ်အား မြို့နယ်စီမံခန့်ခွဲမှု ကော်မတီမှ သြဂုတ်လ(၂၃)ရက်နေ့တွင် တင်ပြသွား မည် ဟု သိရပါသည်။) ဓါတ်အားလိုင်းချိတ်ဆက်တည်ဆောက်ရာတွင် ဖြစ်ပေါ်လာမည့် အခက်အခဲ အတားအဆီး ဖြစ်ပေါ်စေသူများအား ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး အစိုးရတို့မှ ဥပဒေအရ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်တို့နှင့်အညီ ထိရောက်စွာ စီမံခန့်ခွဲအရေးယူ ဆောင်ရွက်သင့်ပါသည်။ ရေဝေကျေးရွာအတွက် လိုအပ်နေသော (၃၃/၀.၄) ကေဗွီ (၂၀၀) ကေဗွီအေ ထရန်စဖော်မာ(၁)လုံးအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပေးမည်ဟု သိရှိရသဖြင့် တာဝန်ရှိသူများအနေဖြင့် ဆက်လက် ဆောင်ရွက် သွားသင့်ပါသည်။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းဖြင့် ချိတ်ဆက်ဆောင်ရွက်မှု အဆင်မပြေပါက တိုင်းဒေသကြီးဘတ်ဂျတ်တွင် မဖြစ်မနေထည့်သွင်းလျာထား ဆောင်ရွက်ပေးသင့်ပါသည်။

၁၆။    ပျော်ဘွယ်မြို့နယ်၊ အလယ်ကျွန်းကျေးရွာ၊ ထနောင်းပင်ဝိုင်းကျေးရွာ၊ လင့်စင် ကုန်းကျေး ရွာနှင့် ကြက်တည်းလေးကျေးရွာ တို့အတွက် လိုအပ်သော ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရဘတ်ဂျတ် ၂၀၁၈ခုနှစ်၊ ပထမ(၆)လ တွင်လျာထားဆောင် ရွက်ပေးခဲ့ပြီးဖြစ်သည့်အပြင် (၁/၂၀၁၇) တင်ဒါ စည်းမျဉ်း စည်းကမ်းအရ တင်ဒါအောင်မြင်သော ကုမ္ပဏီဖြင့် တည်ဆောက်စေရမည်ဖြစ်ပါသည်။ ရေးရာကော်မတီ၏ မြေပြင်ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်အရ ၎င်းကျေးရွာ(၄)ရွာတွင် မြတ်မွန်စိုးကုမ္ပဏီမှ တည်ဆောက်ထားသော ထရန်စဖော်မာများသည် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် ညီညွှတ်မှုမရှိသည်ဟု သုံးသပ်ပါသည်။ ထို့ကြောင့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် မညီညွှတ်ဘဲ တည်ဆောက်ထားသော ထရန်စဖော်များနှင့် ဆက်စပ် ပစ္စည်း များအား မြတ်မွန်စိုး ကုမ္ပဏီနှင့် သက်ဆိုင်ရာမီးလင်းရေး ကော်မတီများက တာဝန်ယူ၊ တာဝန်ခံစေပြီးတင်ဒါ အောင်မြင်သော ကုမ္ပဏီမှ ၂၀၁၈ခုနှစ် ပထမ(၆)လ ဘဏ္ဍာနှစ်ကာလ အပိုင်းအတွင်း အပြီးသတ်တည်ဆောက် သင့်ပါသည်။ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီမဆောင်ရွက်ခဲ့သော မြတ်မွန်စိုးကုမ္ပဏီအားလည်း ထိရောက်စွာ အရေးယူ ဆောင်ရွက် ခြင်းများ ပြုသင့်ပါသည်။

၁၇။    တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများလျှပ်စစ်ဓါတ်အားရရှိစေရေးအတွက် အစိုးရ လွှတ်တော်များမှ ပေါင်းစပ်ဆောင်ရွက်နေလျက်ရှိပြီး Cutizen Budget အပြည့်အဝ ဖြစ်လာစေရေး သက်ဆိုင်ရာမြို့နယ်များရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြ တောင်းဆိုလာမှုအပေါ် အရေးထားဆောင်ရွက်လျက်ရှိပါသည်။ ယခုပျော်ဘွယ်မြို့အတွင်းရှိ ကျေးရွာလျှပ်စစ်မီးလင်း ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြတောင်းဆိုမှု အမှားမြောက်များစွာ ရှိနေသည်ကိုလည်း စိစစ်တွေ့ရှိရသဖြင့် မြေပြင် အချက်အလက်အမှန်များအပေါ် အခြေခံပြီး ပျော်ဘွယ်မြို့နယ်၏ ကျေးရွာ လျှပ်စစ်မီး လင်းရေး လုပ်ငန်းများအား ပြန်လည်စိစစ် သင့်ပါသည်။

ဥပမာ။    ၂၀၁၈-၂၀၁၉ခုနှစ် (အောက်တိုဘာလမှ စက်တင်ဘာလအထိ)   မန္တလေး တိုင်းဒေသကြီးဘတ်ဂျတ်တွင် လျာထားပြီးသော ပျော်ဘွယ်မြို့နယ်၊ ဆည်ရွာ ကျေးရွာအထွက် (၃၃/၀.၄)ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာ တစ်လုံး တည်ဆောက်ပေးခြင်းလုပ်ငန်းနှင့် ပျော်ဘွယ် မြို့နယ်၊ ချောင်း မကြီး ကျေးရွာအထွက် (၃၃/၀.၄)ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာ တစ်လုံး တည်ဆောက်ပေးခြင်းလုပ်ငန်းတို့ဖြစ်သည်။ ပျော်ဘွယ်မြို့နယ်၊ ဆည်ကျေးရွာ သည် ၂၀၁၈ခုနှစ်၊ မတ်လ(၁၇)ရက်နေ့တွင်လည်းကောင်း၊ ချောင်းမကြီး ကျေးရွာသည် ၂၀၁၈ခုနှစ် သြဂုတ်လ(၈)ရက်နေ့တွင် လည်း ကောင်း ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် မြတ်စိုးမွန်ကုမ္ပဏီမှ တည်ဆောက်ကာ ဓါတ်အားလွှတ် မီးလင်းပြီးဖြစ်သည်ကို တွေ့ရှိရပါသည်။

နိဂုံး

၁။      မန္တလေးတိုင်းဒေသကြီးလွှတ်တော် စက်မှု စွမ်းအင်နှင့် လျှပ်စစ်ရေးရာ ကော်မ တီ၏ မန္တလေးတိုင်းဒေသကြီးအတွင်း မိတ္ထီလာမြို့နယ်နှင့် ပျော်ဘွယ် မြို့နယ် များရှိ ကျေးလက်ဒေသများတွင် လျှပ်စစ်မီးလင်းရေး လိုအပ်ချက်များနှင့် ကျေးရွာများမှ တင်ပြလာသော  လျှပ်စစ်ဓါတ်အား ချိတ်ဆက်နိုင်ရေး ဆိုင်ရာ လိုအပ်ချက်များနှင့်ပတ်သတ်၍ ကွင်းဆင်းစစ်ဆေးမှု အခြေအနေအား သိရှိညွှန်ကြားမှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

ပူးတွဲလျက် – ကွင်းဆင်းမှတ်တမ်းဓါတ်ပုံများ

 

ဥက္ကဋ္ဌ

စက်မှုစွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီ

မန္တလေးတိုင်းဒေသကြီးလွှတ်တော်

 

ဖတ်ရှုရန် Download Download